ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကောင်းမွန်သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကောင်းမွန်သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP ၊ အောက်တိုဘာ   ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံစိုက်ဧက ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ပဲစင်းငုံသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်သော မုံရွာရွှေဒင်္ဂါး ပဲစင်းငုံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြကြောင်း သိရပြီး သက်တမ်းရှည်သီးနှံဖြစ်သည့်အတွက် သီးနှံအပိုဝင်ငွေရရှိစေရန် သုံးလပင်ထောင်မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း စသည့် သီးနှံများဖြင့် သီးထပ်သီးညှပ်အဖြစ် ရောနှော၍ အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ တွဲဖက်စိုက်ပျိုးသည့် သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ပဲစင်းငုံသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် ပေါင်းရှင်းခြင်း ၊ မြေဆွခြင်း ၊ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးနှင့် အပင်အားဆေးများ ပက်ဖျန်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်းနှင့် စိုက်ပျိုးပြီး သက်တမ်း(၇)လခန့်ကြာပါက ပဲစင်းငုံသီးနှံများကို ရိတ်သိမ်းခြွေလှေ့ရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံက သိရသည်။ 


ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံသီးနှံ အထွက်နှုန်းတိုးတက်စေရန် ရည်ရွယ်ပြီးတော့ ပဲစင်းငုံသီးနှံ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၈၃၅ ဧက စိုက်ပျိုး ပြီးစီးခဲ့ပါတယ်။ သတ်မှတ်လျာထားဧကထက် ဧက ၃၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းကို မေလ ဒုတိယပတ်လောက်ကစပြီး စိုက်ပျိုးခဲ့တာဖြစ်ပြီး သက်တမ်းရှည်သီးနှံဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေက နှစ်သီးစား ဝင်ငွေရရှိအောင် မြေပဲ ၊ နှမ်း ၊ ပဲတီစိမ်း ၊ ပဲနောက် ၊ ပဲကြီး စသည့် သီးနှံများနဲ့ သီးညှပ်စိုက်ပျိုးကြပါတယ်။ ဒေသခံတောင်သူတွေကို မိုးသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအမျိုးအစားအလိုက် အထွက်နှုန်း ကောင်းမွန်စေဖို့အတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး ၊  စိုက်နည်းစနစ် မှန်ကန်ရေး ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနဲ့ စိုက်ပျိုး စရိတ် ကုန်ကျစရိတ်သက်သာစေဖို့အတွက် သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲပုံနည်းစနစ်များကို တာဝန်ခံကွင်းဝန်ထမ်းတွေက စနစ်တကျ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါတယ်။ ဒီနှစ် မိုးရွာသွန်းမှုကလဲ အားကောင်းတော့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒေသခံတောင်သူတွေအတွက် သီးနှံဝင်ငွေတိုးပွားစေဖို့ ပြီးခဲ့တဲ့နှစ်ကလို ဈေးကောင်းရရှိပါစေလို့ မျှော်လင့်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။


ပွင့်ဖြူမြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းကို ရေပုတ်ကြီးကျေးရွာ ၊ ကျောင်းကုန်းကြီးကျေးရွာ ၊ ရေပုတ်ကလေး ကျေးရွာ ၊ မဲဇလီကျေးရွာ ၊ ကျွဲတံခါးကျေးရွာ ၊ ရေယာဉ်ကျေးရွာ ၊ ချောင်းဆုံကျေးရွာနှင့် ကန်ရွာကျေးရွာတို့တွင် ဒေသခံတောင်သူများက နှစ်စဉ် မိုးသီးနှံအဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)