အဆင့်မီ ရော်ဘာစက်ရုံများရှိမှသာ အရည်အသွေး မီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဆင့်မီ ရော်ဘာစက်ရုံများရှိမှသာ အရည်အသွေး မီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ရှင်းလင်းပြောကြား




MNP ၊ အောက်တိုဘာ ၅

ရော်ဘာကဏ္ဍရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်များနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံရေရှည် တည်တံ့သော သဘာဝရော်ဘာအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ရန်ကုန်တာယာစက်ရုံတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင် များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။ ထို့ပြင် MSME Agency နာယကများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ Agency ဥက္ကဋ္ဌများသည် Virtual စနစ်ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်သည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ရော်ဘာကဏ္ဍ၏ ကြုံတွေ့နေရသည့် အခက်အခဲများ မြန်မာ့ရော်ဘာလုပ်ငန်းမှ နိုင်ငံတကာဈေးကွက်တွင် ရသင့်ရထိုက်သော ဈေးနှုန်းဖြစ်သည့် နေ့စဉ် မြန်မာငွေကျပ်သန်း(၈၀၀၀) ပိုမိုရရှိနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းလေ့လာခဲ့မှုအခြေအနေများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ သဖြင့် ရော်ဘာကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသူများ၊ ပညာရှင်များနှင့် ယခုလိုတွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် MSME များ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ၊ ပြည်ပပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အားပေးလျက်ရှိပြီး လိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ့ရော်ဘာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရော်ဘာလုပ်သားများ၊ ရော်ဘာတောင်သူများ၊ ရော်ဘာဝယ်ယူ သည့်ဒိုင်များ၊ ရော်ဘာကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ ရော်ဘာနှင့် ဆက်စပ်ပစ္စည်း ရောင်းဝယ်ခြင်း လုပ်ငန်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကုန်ကြမ်းများကို နိုင်ငံတကာဈေးကွက် ရရှိရေးအတွက် မြန်မာ့ရော်ဘာအရည်အသွေးစံသတ်မှတ်ချက် စနစ်တကျပေါ်ပေါက်၍ အာမခံချက်ရှိသည့် ရော်ဘာတင်ပို့နိုင်ရေးရှိမှသာ မြန်မာ့ရော်ဘာသည် ကမ္ဘာ့ပေါက်ဈေး အတိုင်း ဈေးနှုန်းများရရှိမည်ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကုန်ကြမ်းများ  တစ်ရက်လျှင် သန်း(၈၀၀၀) ပိုမိုရရှိရေးအတွက် နိုင်ငံတစ်ဝှမ်းတွင် အဆင့်မြင့်ရော်ဘာစက်ရုံများ ပေါ်ပေါက်ရေးဖြစ်ကြောင်း၊ အဆင့်မီ ရော်ဘာစက်ရုံများရှိမှသာ အရည်အသွေး မီရော်ဘာများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း မျက်နှာပန်းလှ၍ ရင်ဘောင်တန်းနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မီရော်ဘာ စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ဌာနဆိုင်ရာများမှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသို့ ပို့ကုန်မြင့်မားတိုးတက်ရေးအတွက် နိုင်ငံခြားသို့ တင်ပို့မည့် လုပ်ငန်းရှင်များအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များကို ရယူ၍ ပို့ကုန်စာရွက်စာတမ်းများဖြင့် ဂုဏ်သရေရှိစွာ မြန်မာ့ရော်ဘာများကို တင်ပို့သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ရော်ဘာစိုက် တောင်သူများ၊ ရော်ဘာအသင်းအဖွဲ့များ၊ ပညာရှင်များမှ မြန်မာ့ရော်ဘာဖွံ့ဖြိုးတိုးတက်ရေး အတွက် ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း၊ ဆွေးနွေးပွဲ ရလဒ်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ လမ်းညွှန်မှုနာခံသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာစိုက်ပျိုး ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးနိုင်ရေးအတွက် မြေနေရာရရှိရေး၊ အထွက်နှုန်း ကောင်းသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ ရေရရှိရေးတို့အတွက် ဝန်ကြီးဌာနမှဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေ လိုကြောင်း၊ ရော်ဘာ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မိုးများသည့်ဒေသ၊ မိုးနည်းသည့်ဒေသ၊ မိုးအသင့်အတင့် ရွာသည့် ဒေသတို့တွင် စိုက်ပျိုးနိုင်သည့် ရော်ဘာမျိုးများကို ရွေးချယ်စိုက်ပျိုးရန် စိုက်ပျိုးရေးဦးစီး ဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထွက်နှုန်းကောင်းသည့် ရော်ဘာမျိုးများ ရရှိစေရေးအတွက်လည်း ပြည်ပနိုင်ငံများနှင့် နည်းပညာဖလှယ်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အရည်အသွေးနှင့် အထွက်နှုန်း ကောင်းသည့် ရော်ဘာမျိုးများကိုလည်း ပြည်ပမှတင်သွင်းရန် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များဖြင့် သွင်းအားစုများ အပြည့်အဝထည့်သွင်း၍ စိုက်ပျိုးရေး နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ ရော်ဘာခြံများမှ ထွက်ရှိသည့် ရော်ဘာ များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ၍ ပြည်တွင်းစက်မှုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားရန်နှင့် ပြည်ပသို့တင်ပို့ရာတွင်လည်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ရော်ဘာ သီးနှံနှင့် ရော်ဘာအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် စီးပွားရေးရာကော်မတီတွင် တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ တင်ပြချက်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရော်ဘာ ကုန်ကြမ်းများကို တန်ဖိုးမြှင့်ပစ္စည်းများ၊ ရော်ဘာအဆင့်မြင့်ပစ္စည်းများ ဆောင်ရွက်ရန်နှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ပင်အိုများနေရာတွင် မျိုးကောင်းမျိုးသန့်များဖြင့် အစားထိုးစိုက်ပျိုးရန်၊ မျိုးကောင်းမျိုးသန့်ရရှိရန် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ထို့ပြင် ရော်ဘာအခြေခံပစ္စည်းများ၊ ရော်ဘာတန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှု ပြုထားသဖြင့် အောင်မြင်အောင် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရော်ဘာ (မူကြမ်း) ပြုစုထုတ်ဝေနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် နေပြည်တော်တွင် ဖိုရမ်ကျင်းပပြုလုပ်ပြီး မြန်မာ့ရော်ဘာစံအရည် အသွေး အတည်ပြု သတ်မှတ်ခြင်း၊ ရော်ဘာအဓိကစိုက်ပျိုးထုတ်လုပ်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးရေးဝန်ကြီးများ ဦးဆောင်သည့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံနှင့်ကိုက်ညီ သည့် ရေရှည်တည်တံ့သည့် သဘာဝရော်ဘာနှင့် သက်ဆိုင်ရာဂိုက်လိုင်းများကို ရေးဆွဲခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဖိုရမ်များကျင်းပနိုင်ရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


အစီအစဉ်အရ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် သာမက ပြည်ပပို့ကုန်ကဏ္ဍအတွက်လည်း အရေးပါ သည့် စက်မှုပို့ကုန်တစ်ခုဖြစ်ကြောင်း၊ ရော်ဘာပင်များ နုပျိုစဉ်ကာလတွင် ရော်ဘာစေး ထုတ်ယူ၍ ကုန်ချောမျိုးစုံထုတ်လုပ်နိုင်သကဲ့သို့ အရွယ်ရင့်အပင်အို ဖြစ်သွားသည့်အချိန်တွင် သဘာဝသစ်အခြေခံကုန်ပစ္စည်းမျိုးစုံနှင့် ရော်ဘာသားကိုပေါင်းတင်ပြီး တန်ဖိုးကြီးပရိဘောဂ များစွာ ထုတ်လုပ်နိုင်ကြောင်း၊  စိုက်ပျိုးရေးထွက်ကုန်များအနက် နှစ်ရှည်ပင် အမျိုးအစားဖြစ် သည့် ရော်ဘာပင်မှရရှိသော သဘာဝရော်ဘာ ထုတ်လုပ်မှုကဏ္ဍသည် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ရော်ဘာစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း၊ စက်မှုကုန်ကြမ်းသီးနှံ တစ်ခုဖြစ်သည့် ရော်ဘာသည် သံနှင့်သံမဏိလုပ်ငန်းပြီးလျှင် ကမ္ဘာတစ်ဝန်းတွင် ဒုတိယ အရေးအကြီးဆုံး စက်မှုလုပ်ငန်းဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံ စသည့် နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ရေရှည်အကျိုးရှိသော ရော်ဘာဝယ်လိုအား များလာသည်နှင့် အမျှ မြန်မာနိုင်ငံသည် ကမ္ဘာ့ရော်ဘာ ကုန်သွယ်ရေးအတွက် အဓိကတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်လာနိုင်ပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အဓိကမောင်းနှင်ပေးသော ထုတ်ကုန် ဖြစ်လာမည့် အခွင့်အလမ်းကောင်းများရှိနေကြောင်း၊ မြန်မာ့ရော်ဘာများကို ကုန်ကြမ်းများ အဖြစ် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိသော်လည်း နိုင်ငံတကာဈေးကွက်၌ ဈေးနှုန်းရရှိမှုသည် အခြားသော နိုင်ငံများမှထွက်ရှိသည့် ရော်ဘာများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းလျော့နည်းစွာ ရရှိလျက်ရှိကြောင်း၊ မြန်မာ့ရော်ဘာ အရည်အသွေး စံချိန်စံညွှန်းများ အားနည်းခြင်း၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားသည့် ရော်ဘာများ၏ အရည်အသွေး ကို စမ်းသပ်စစ်ဆေးပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများ လိုအပ်နေခြင်း၊ စံချိန်စံညွှန်းမီ ရော်ဘာများအတွက် Certification System လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတကာ ဝယ်လက်များ၏ မြန်မာ့ရော်ဘာထုတ်ကုန်များအပေါ် ယုံကြည်မှုနည်းပါးလာပြီး ဈေးကွက်ဝေစု နှင့်ဈေးနှုန်းရရှိမှု နည်းပါးလာခြင်းဖြစ်သည်ဟု မြန်မာ့ရော်ဘာပညာရှင်များက သုံးသပ်ကြ ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကွင်းဆက် အဆင့်မီဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများအပြင် အဖွဲ့အစည်းအားလုံးမှ ပူးပေါင်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အရည်အသွေးပြည့်မီသည့် မြန်မာရော်ဘာများ ထုတ်လုပ်တင်ပို့နိုင်ရေး အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား နည်းပညာဆိုင်ရာ အထောက်အကူများ၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်အခြေအနေနှင့် ဈေးကွက်ရရှိရေးဆိုင်ရာ အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်အောင် ပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှသာ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများ ပြေလည်ပြီး မြန်မာ့ ရော်ဘာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ရော်ဘာအရည်အသွေး မြှင့်တင်ရေး၊ ဈေးနှုန်းမှန်ကန်စွာရရှိရေး စသည့် ရည်ရွယ်ချက်များလည်း ထပ်တူအောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာလုပ်ငန်းသည် မြန်မာ့စီးပွားရေးတွင် အရေးပါသော အခန်း ကဏ္ဍမှပါဝင်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပံ့ပိုးပေးခြင်း၊ ပို့ကုန်ဝင်ငွေများ ပံ့ပိုးပေး ခြင်းနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအထောက်အကူပြုပြီး မြန်မာ့ပို့ကုန် မဟာဗျူဟာတွင်လည်း အဓိကပို့ကုန်တစ်ခုအဖြစ် ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ့ ရော်ဘာကဏ္ဍ အရှိန်အဟုန် ကောင်းမွန်စွာဖြင့် တိုးတက်စေရေးအတွက် နိုင်ငံတကာသို့ တင်ပို့နေသည့် မြန်မာ့သဘာဝရော်ဘာများကို တစ်ဖက်ဝယ်လက်နိုင်ငံများမှ အရည်အသွေး ဆိုင်ရာ ယုံကြည်စိတ်ချမှုရရှိပြီး နိုင်ငံတကာဈေးကွက်တွင် ရသင့်ရထိုက်သောဈေးနှုန်း ရရှိ၍ မြန်မာ့ရော်ဘာကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးသည် ရော်ဘာကဏ္ဍဆိုင်ရာ စီးပွားရေးအသိုင်း အဝိုင်းကို ပံ့ပိုးကူညီရန်၊ ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေး တိုးတက်မှုကို တွန်းအားပေးရန် အရေးကြီးသော ညှိနှိုင်းဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်း၊ နောင်လာမည့်အနာဂတ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် မြန်မာ့ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ဈေးကွက်အတွင်း ဈေးကွက်ရှားပါးမှု၊ ဈေးနှိမ်ခံရမှုစသည့် ပုံရိပ်များမှ လွတ်မြောက်ပြီး ကောင်းမွန်သော အရည်အသွေး၊ အာမခံချက်များနှင့် ထိုက်သင့်သည့် ဈေးနှုန်းများ ရရှိနိုင်ရန် အတွက်  ရော်ဘာစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် ပါဝင်သည့် MSME ရော်ဘာလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ နိုင်ငံပိုင် ရော်ဘာလုပ်ငန်းများမှ တာဝန်ရှိသူ များ၊ ဆက်စပ်ဦးစီးဌာနများ၊ ပညာရှင်များက အတူတကွ ပူးပေါင်းဆွေးနွေး အဖြေရှာပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။


အစီအစဉ်အရ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယကများဖြစ်ကြသည့် ဝန်ကြီးချုပ်များမှ ပြည်နယ်/တိုင်းဒေသကြီးအတွင်း ရော်ဘာ စိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိမှုအခြေအနေ၊ ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။


ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေရှည်တည်တံ့သော သဘာဝရော်ဘာအသင်း၊ ရန်ကုန် တာယာစက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ National Enlightenment Institute နှင့် အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်းတို့မှ တာတန်ရှိသူများက မြန်မာ့ရော်ဘာများအားစံချိန်စံညွှန်း သတ်မှတ်ရေး၊ ရော်ဘာဈေးကွက်အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၏ ကနေဦးလေ့လာတွေ့ရှိချက်များအရ ရော်ဘစိုက်ဧက (၁.၆)သန်း ရှိသည် ဖြစ်၍ စာရင်းအင်းများအရ လက်ရှိမြေပြင်အခြေအနေ၊ လက်ရှိရော်ဘာခြံများ၏ ရော်ဘာ စိုက်ပျိုးမှု၊ ရော်ဘာထွက်ရှိမှုအခြေအနေ၊ ရော်ဘာစေးထုတ်ယူနိုင်မှုအခြေအနေ၊ မြန်မာ့ ရော်ဘာဈေးကွက်ဒိုင်ကြီး တစ်ခုပေါ်ပေါက်လာစေရေး ဆောင်ရွက်နိုင်မှုအခြေအနေ၊ အစိုးရ၊ ပုဂ္ဂလိကများအနေဖြင့် ဆောင်ရွက်ပေးနိုင်မှု အခြေအနေတို့ကို အသီးသီးဆွေးနွေးတင်ပြ ကြရာ တက်ရောက်လာသူများမှ မြန်မာ့ရော်ဘာဈေးကွက်ရရှိရေး နိုင်ငံတကာဈေးကွက်တွင်  သတ်မှတ်ဈေးနှုန်းများ ရရှိရေး အရည်အသွေးမီ ရော်ဘာများထုတ်လုပ်နိုင်ရေး မျိုးကောင်း မျိုးသန့်များဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)