KIA, KNU လူစိတ်မွေးဖို့ လိုပါပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA, KNU လူစိတ်မွေးဖို့ လိုပါပြီ


ကျွန်တော်တို့ ပြည်သူများ နေ့စဉ် ကြားသိ တွေ့မြင်နေရတဲ့ သတင်းစကားတွေမှာ တပ်မတော်ဟာ ပြည်သူလူထုအပေါ်မှာ ရက်စက်ယုတမာနေတဲ့ သဘောမျိုး လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေ၊ ပြောဆိုမှုတွေပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ကြသူတွေ၊ ကမ္ဘာ့စံချိန်တင် မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ကြသူတွေ ဖြစ်တဲ့ NLD ဦးဆောင်သူတွေနဲ့ သူတို့ရဲ့ မဟာမိတ်များဖြစ်တဲ့ နိုင်ငံရေးလုပ်စားသူများရဲ့ လက်သုံးစကားဟာ တပ်မတော်က ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေတယ်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

ယနေ့ ကျွန်တော်တို့ ပြည်သူများ ရင်ဆိုင်နေရတဲ့ အခြေအနေက တပ်မတော်က ရက်စက်ယုတ်မာနေတာလား၊ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုကြောင့် မိုက်လုံးထွားလာတဲ့ နီပိန်း အကြမ်းဖက်သမားတွေက ရက်စက်ယုတ်မာနေကြတာလား။ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ PDF အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေေကြောင့် သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူ (အမျိုးသမီးများ၊ ကလေးငယ်များ) ပါ အသတ်ခံခဲ့ရတယ်။ PDF အကြမ်းဖက်အဖွဲ့မျိုးစုံရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၂၀၀ ကျော် အထိ သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးအစွန်းရောက် စိတ်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေအပေါ် PDF အဖွဲ့မျိုးစုံက ရက်စက်ယုတ်မာနေတာကိုတော့ မသိကျိုးကျွန်ပြုပြီး တပ်မတော်ကပဲ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေသယောင် လုပ်ကြံဖန်တီး ပြောဆိုမှုတွေဟာ ယုတ္တိရှိသလား။

ဒီကာလမှာ အချို့သော ရာထူးအာဏာရှိသူတွေရဲ့ မူမမှန်တဲ့ လုပ်ရပ်တွေကြောင့် တပ်မတော်အပေါ် အထင်လွဲ အမြင်မှား ဖြစ်စရာတွေတော့ ရှိပါတယ်။ သို့သော် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ ပြောသကဲ့သို့ ရက်စက်ယုတ်မာနေခြင်းတော့ မရှိဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေနဲ့ မိုက်လုံးထွားနေတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုတွေကတော့ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတယ်။

အဓိက ပြဿနာက မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရတဲ့ NLD ဦးဆောင်သူတွေဟာ KIA, KNU လက်နက်ကိုင် အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအပေါ်မှာ အဆိုးဆုံးအခြေအနေအထိ ရက်စက်ယုတ်မာနေကြတယ်လို့ ပြောရင် မမှားပါဘူး။ NLD ဦးဆောင်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း က နိုင်ငံရေးလုပ်စားသူများဟာ အရှောင်အတိမ်းမှာ ဂျက်စီဂျိမ်းလို လိမ္မာပါးနပ်သူတွေ ဖြစ်ပါတယ်။ အများပြည်သူ ဘေးဒုက္ခရောက်အောင် ဖန်တီးမယ်။ သူတို့တွေကတော့ ကိုယ်လွတ်ရုန်းပြီး ပြေးကြမယ်။ အစီအစဉ်တကျ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ မှိုင်းမိခဲ့တဲ့ လူငယ်တွေမှာ KIA, KNU အဖွဲ့တွေထံ ရောက်ပြီး လူရမ်းကား လူယုတ်မာ အကြမ်းဖက်သမားများ ဖြစ်လာခဲ့ကြပါတယ်။ ကရင် ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ KNU တပ်ဖွဲ့ဝင်များက ဦးဆောင်ပြီး PDF ကို ခိုင်းစေနေခြင်း ဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေမှာလည်း KIA တပ်ဖွဲ့ဝင်များက ဦးဆောင်ပြီး PDF အကြမ်းဖက်သမားများကို ခိုင်းစေနေခြင်း ဖြစ်ပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် KIA အဖွဲ့ဟာ PDF ကို ဦးဆောင်ပြီး သံဃာတော်တွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေ အများဆုံး ကျူးလွန်ခဲ့တာကို မြင်တွေ့ရပါတယ်။ KNU ရဲ့ လက်အောက်မှာ လှုပ်ရှားနေတဲ့ PDF အကြမ်းဖက်သမားများကလည်း သံဃာတော်များကို ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတွေ အထင်အရှား ရှိခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဘုရားတောင်တက်လမ်းက တံတားတွေကို ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေ ရှိပါတယ်။ ဆိုတော့ KIA, KNU ဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးလို့ အကြောင်းပြကာ ဘာသာရေးကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေခြင်းလား ဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ 

ကျွန်တော်တို့တိုင်းရင်းသား ပြည်သူများထဲမှာ ကရင်တွေမှာလည်း ခရစ်ယာန်ကို ကိုးကွယ်သူနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဆိုပြီး ရှိပါတယ်။ ကချင်တိုင်းရင်းသားများထဲမှာလည်း ခရစ်ယာန်ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများလည်း ရှိကြပါတယ်။ KIA, KNU ဦးဆောင်မှုနဲ့ PDF အဖွဲ့မျိုးစုံရဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၉၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် KIA, KNU ဦးဆောင်သူတွေမှာ ပြည်ထောင်စုသား စိတ်ဓာတ်မရှိဘူး။ ဘာသာရေးအစွန်းရောက်တွေ ဖြစ်တယ်။ KNU ဦးဆောင်သူများဟာ ဘာသာရေးအစွန်းရောက်စိတ်ကို အခြေခံပြီး ကရင်ဗုဒ္ဓဘာသာတွေကို သတ်ဖို့လည်း ဝန်မလေးဘူး။ ထိုနည်းတူစွာ KIA ရဲ့ ပစ်မှတ်များကို ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်များကို အဓိကပစ်မှတ်ထားနေခြင်းဟာ လက်ရှိ KIA, KNU ကို ဦးဆောင်နေသူများမှာ လူစိတ်မရှိတော့ဘူးလို့တောင် ပြောနိုင်ပါတယ်။

(၁၅-၁၀-၂၀၂၃) ရက်နေ့ မှာ ဆိုရင်ပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပဖို့ ဆောင်ရွက်နေကြပါတယ်။ ဒီအခမ်းအနားနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အားလုံးပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်တယ်။ NCA လက်မှတ်မထိုးရသေးသူတွေပါ တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာကို တွေ့ရတယ်။ သူကိုယ်တိုင် စာနဲ့ဖိတ်ကြားတာ၊ ဖုန်းဆက်ပြီး ဖိတ်ခေါ်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီနောက်မှာ KNU ခေါင်းဆောင်ကြီးဖြစ်တဲ့ စောမူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့တွေကို လက်ခံတွေ့ဆုံပြီး ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်။ အဲဒီလို တွေ့ဆုံတဲ့အပေါ်မှာ လက်ရှိ KNU ခေါင်းဆောင်များက KNU နဲ့ မသက်ဆိုင်ပါဘူးဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဟာ အလွန်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီးများက ငြိမ်းချမ်းရေးလမ်းကို ဖောက်ခဲ့တယ်။ ငြိမ်းချမ်းရေးလမ်းခရီးကို ပန်းခင်းလမ်းဖြစ်အောင် လုပ်ဆောင်ရမယ့် နေရာမှာ လက်ရှိ KNU ခေါင်းဆောင်များက ခရောင်းလမ်းဖြစ်အောင် လုပ်ဆောင်လိုတဲ့ သဘောထားကို ပြသခဲ့ပါတယ်။

အခု ရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ KIA ပြောရေးဆိုခွင့် ရှိသူက တပ်မတော်ကပဲ ပစ်ခတ်တိုက်ခိုက်သယောင် ပြည်ဖျက်မီဒီယာများကို အမျိုးမျိုးအဖုံဖုံ လုပ်ကြံဖန်တီး ပြောဆိုထားတယ်။ ဒီပေါက်ကွဲမှုအတွင်းမှာ KIA တပ်ဖွဲ့ဝင်များနဲ့ တိမ်းရှောင်နေထိုင်ကြတဲ့ မိသားစုဝင်များ ၅၀ကျော် သေဆုံးခဲ့ရတယ်။ KIA ပြောရေးဆိုခွင့် ရှိသူရဲ့ လုပ်ကြံဖန်တီး ပြောဆိုနေပုံတွေကို ထောက်ရှုခြင်းအားဖြင့် သူတို့တွေမှာ အမှန်တရားမရှိဘူး။ ပြည်သူလူထုကို လိမ်ညာလှည့်ပတ်ပြီး အတိဒုက္ခရောက်အောင် လုပ်ဆောင်လိုတဲ့ ရည်ရွယ်ချက်ကို အထင်အရှား တွေ့မြင်ရတယ်။ အမှန်တရားကို ချပြပြောဆိုရဲခြင်း မရှိဘူး။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က (၂)ကြိမ် ရှင်းလင်း ပြောဆိုခဲ့တယ်။ တပ်မတော်အနေနဲ့က လက်နက်ကိုင်သောင်းကျန်းသူ မည်သည့်အဖွဲ့အစည်းကို မဆို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အခြေအနေရှိသော်လည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ပစ်ခတ်ခြင်း မရှိဘူးဆိုတာကို အခိုင်အမာ ပြောဆိုခဲ့တယ်။ 

ထပ်မံပြီး မြေပြင်သတင်း ဖော်ထုတ်ချက်များအရ KIA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်ဆိုတာကို ပြောတဲ့အထဲမှာလည်း "အစိုးရအနေနဲ့ ကတော့ ဒီကာလဟာ NCA လက်မှတ် ရေးထိုးထားတဲ့ ရှစ်နှစ်ပြည့်ကာလဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို NCA နှစ်ပတ်လည်နေ့တက်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ အနှစ်သာရရှိရှိလုပ်ဖို့ လုပ်နေတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ခတ်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြိုးပမ်းလျက်ရှိတယ်။ ဒီအချိန်မျိုးမှာ တပ်မတော်အနေနဲ့ လုပ်စရာအကြောင်းမရှိဘူး။ မနေ့က ကျွန်တော်ပြောသလိုပဲ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ လုပ်စရာအကြောင်းမရှိဘူးလို့ ပြောလိုပါတယ်။ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထား ကတော့ တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရ သေဆုံးရင် ကျွန်တော်တို့ နိုင်ငံသားတွေပဲ သေဆုံးတာ၊ ဆုံးရှုံးတာဖြစ်တယ်။ KIA ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် သေဆုံးရင်လည်း ဒီလူ တွေဟာ ကျွန်တော်တို့နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ဝမ်းနည်း ကြောင်းပြောလိုပါတယ်။" လို့ ရှင်းလင်း ပြောဆိုထားပါတယ်။

ယခု NCA လက်မှတ်ရေးထိုးခြင်း ၈နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကြီး ကျင်းပတော့မယ်။ တကယ်ဆိုရင် ဒီ NCA ဖြစ်လာဖို့ ဦးဆောင်သူတွေထဲမှာ KNU, KIA ထိပ်ဆုံးက ပါခဲ့ပါတယ်။ အခုအခါမှာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပေါင်းပြီး တော်လှန်ရေးလို့ အကြောင်းပြကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အဖွဲ့တွေဟာလည်း ဒီအဖွဲ့ ၂ဖွဲ့ ဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်လာရပါတယ်။ KNU, KIA ဟာ မုသားအင်ပါယာ လို့ တင်စားရလောက်တဲ့ အမေရိကန်နှင့် အနောက်အုပ်စု ကို အားကိုးပြီး အခုလိုမိုက်လုံး ထွားနေခြင်းပဲ ဖြစ်ပါတယ်။ မုသားအင်ပါယာကြီးရဲ့ သြဇာခံများအဖြစ်နဲ့ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာနေသူတွေရဲ့ ပြောဆို လုပ်ဆောင်သမျှဟာလည်း အလိမ်အညာတွေနဲ့ အများပြည်သူ အတိဒုက္ခရောက်စေဖို့သာ ဖြစ်နေပါတယ်။

လက်ရှိ KNU, KIA ကို ဦးဆောင်နေသူများ လိမ်ညာဝါဒဖြန့်မှုတွေနဲ့ အများပြည်သူအတိဒုက္ခရောက်အောင် ဖန်တီးနေတဲ့ လုပ်ရပ်တွေကို လျှော့ပါတော့။ ခင်ဗျားတို့တွေရဲ့ ပြောဆို လုပ်ကိုင်မှု မှန်သမျှဟာ အများပြည်သူ ကောင်းကျိုး ဖြစ်စေတာမျိုး မရှိခဲ့ဘူး။ အတိဒုက္ခရောက်အောင် အစဉ်တစိုက် လုပ်ဆောင်နေတာတွေအပေါ် ပြည်သူလူထုက အော့နှလုံးနာလာကြပြီ။ လူလိုတွေး၊ လူစိတ်မွေးကြဖို့ သင့်ပါပြီ ဆိုသည့်အကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)