NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာမကဘဲ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မယ့် အခွင့်အလမ်းများကို ဖန်တီးပေးဖို့အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့တဲ့ စာချုပ်တစ်ရပ် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာမကဘဲ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မယ့် အခွင့်အလမ်းများကို ဖန်တီးပေးဖို့အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့တဲ့ စာချုပ်တစ်ရပ် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီက ပြောကြား



MNP ၊ အောက်တိုဘာ ၁၅

အိန္ဒိယသမ္မတနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း -

လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ မြန်မာနိုင်ငံအစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများ ခင်ဗျား -

ယနေ့မှာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ရပ်ဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုသည့် (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မိမိတို့ ယခုကျင်းပတဲ့အခမ်းအနားကို တက်ရောက်လာကြတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုစဉ်က နိုင်ငံတကာ အသိသက်သေနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခွင့်ရခဲ့တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် သွေးစည်းညီညွတ်မှုရှိဖို့အတွက် ကြိုးပမ်းလျှောက်လှမ်းဆောင်ရွက်နေတဲ့ခရီးလမ်းကို အထူးပင်အလေးထားမှုရှိကြောင်း ပြောကြားလိုပါတယ်။

လွန်ခဲ့တဲ့ (၈) နှစ်တိတိက ယနေ့အောက်တိုဘာလ ၁၅ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့က ကိုယ်စားလှယ်များနဲ့ မြန်မာအစိုးရကိုယ်စားလှယ်များတွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုလက်မှတ်ရေးထိုးခဲ့တဲ့အခါသမယဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများအနေနဲ့ ပဋိက္ခများကို တွေ့ဆုံဆွေးနွေးမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့မှတစ်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားမယ်ဆိုပြီး ကတိကဝတ်ပြုခဲ့တဲ့ သက်သေအထောက်အထားတစ်ရပ်ဖြစ်ကာ မျှော်လင့်ချက်ရောင်ခြည်လည်း သန်းခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အကြေအလည်ဆွေးနွေးမှုများနဲ့ ရဲဝင့်တဲ့ဆုံးဖြတ်ချက်များကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့သမိုင်းမှာ အလွန်အရေးပါတဲ့စာချုပ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဟာ မတူကွဲပြားမှုများ၊ စွဲကိုင်ထားကြတဲ့ လက်နက်များကိုဘေးဖယ်ကာ ပိုမိုငြိမ်းချမ်းမှုရှိတဲ့ အနာဂတ်ဆီသို့ စတင်လျှောက်လှမ်းသွားလိုတဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများရဲ့ဘုံဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။

NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာမကဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်နေကာ အကြမ်းဖက်မှုများနဲ့ ပဋိပက္ခများမှ ကင်းဝေးတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် တည်ထောင်လိုတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုများရဲ့ဆန္ဒများနဲ့ ရိုးရာယဉ်ကျေးမှုများကို လေးစားမှုပြုခဲ့ရုံသာမက အလေးထားဖော်ဆောင်ပေးကာ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မယ့် အခွင့်အလမ်းများကို ဖန်တီးပေးဖို့အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့တဲ့ စာချုပ်တစ်ရပ်လည်း ဖြစ်ပါတယ်။

NCA စာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခများနဲ့ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ အလေ့အထကောင်းကို ပိုမိုပြုစုပျိုးထောင်ခြင်းဖြင့် မြန်မာပြည်သူများရဲ့ မျှော်မှန်းချက်ဆန္ဒများကို ဖော်ဆောင်ပေးသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ NCA လမ်းကြောင်းကိုထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်စနစ် တည်ထောင်ခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ်သည်များကို အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ခရီးလမ်းဟာ စိန်ခေါ်မှု အမြောက်အမြားနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သလို ရှေ့ဆက်လျှောက်လှမ်းရာမှာလည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများအရ စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ကျော်လွှားသွားရအုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလတစ်ခုကို ဖြတ်သန်းလျက်ရှိရာ ယင်းကာလမှာ NCA စာချုပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ NCA ယန္တရားဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ မြန်မာပြည်သူများရဲ့ မျှော်လင့်ချက်ဆန္ဒကို ဖော်ဆောင်ပေးနိုင်မယ့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုမိုအားလုံးပါဝင်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တစ်ရပ် ထူထောင်နိုင်ရေး ခရီးလမ်းကြောင်းမှာ NCA စာချုပ်ဟာ အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။

NCA စာချုပ်ဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ရပ်ဖြစ်ပြီး ပဋိပက္ခ အမှောင်တိုက်အကြားမှ ငြိမ်းချမ်းမှုထံသို့ ဦးတည်လျှောက်လှမ်းနိုင်ဖို့ အလင်းပြဖော်ဆောင်ပေးနိုင်မယ့် စာချုပ်တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းတည်ငြိမ်မှုရှိပြီး သာယာဝပြောစွာ မှီတင်းနေထိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကို ဦးတည်ကာ NCA ယန္တရားကို ပိုမိုခိုင်မာစေဖို့၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့၊ လေးနက်ပြီးအနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်းတောင်းဆိုလိုပါတယ်။

ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ ငြိမ်းချမ်းညီညွတ်မှုရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)