မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ မော်လမြိုင်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး




MNP ၊  နိုဝင်ဘာ  ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အထူးပြုဘာသာရပ်အလိုက် ပထမနှစ်မှ ပါရဂူတန်းအထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူမျာသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ မော်လမြိုင်တက္ကသိုလ်ဘက်စုံသုံး အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းက ဘာသာရပ်အလိုက် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်နေမှု၊ ပညာသင်ကြားပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပညာရေးကဏ္ဍအရည်အသွေး တိုးတက်မြင့်မားရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသူကျောင်းသားများအား တစ်ဆင့်ပြီးတစ်ဆင့် ပညာဆက်လက်သင်ယူနိုင်ရန်အတွက် ဆရာ၊ ဆရာမများအနေဖြင့် မိမိကျရာအခန်းကဏ္ဍမှ ကြိုးစားဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ပညာသင်နှစ်အလိုက် ကျောင်းသား ကျောင်းသူများ၊ စိတ်အေးချမ်းသာစွာ၊ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးကြရန်နှင့် တက္ကသိုလ်၏သွင်ပြင်လက္ခဏာပေါ်လွင်စေရေးနှင့် တက္ကသိုလ်ပရဝဏ်သန့်ရှင်း သာယာမှုရှိစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်တက္ကသိုလ်ရှိ ပညာသင်နှစ်အသီးသီးမှ အထူးပြုဘာသာရပ်အလိုက် ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်များ ဖွင့်လှစ်သင်ကြားပေးနေမှုအပေါ်လိုက်လံကြည့်ရှုပြီး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးသည်။

မော်လမြိုင် တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုဝင်ဘာ၂၃ ရက်အထိ ကျောင်းသား၊ ကျောင်းသူ ၅၈၆၁ ဦးကို ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)