MNP ၊ နိုဝင်ဘာ ၅
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံ ဘုရားအနီး၊ ရွှေတောင်ကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီး ပဓါနနာယကဘဝိမလ (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ)ထံ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများအား ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့်ဇနီး၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယက ဘဒ္ဒန္တဝိမလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ)ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။
ဆက်လက်၍ မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများစုပေါင်း၍ ဘုရားစေတီပုထိုးများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်း၊ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment