တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၊ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်








နေပြည်တော် ၊ နိုဝင်ဘာ ၂၃

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၅၇၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၈၆ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၁၂၆ ဦး နှင့် သွားနှင့်ခံတွင်းရောဂါ ၅၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ခွဲစိတ်ကုသပေးခြင်း များ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ရဟန္တာဦးသီလဓာတ်တော် စေတီဝန်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၀၀၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၃၈၆ ဦး၊ ခွဲစိတ်ရောဂါ ၁၆ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၇ ဦး၊ မျက်စိရောဂါ ၁၂၅ ဦး နှင့် သွားရောဂါ ၁၄၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂ ဦး ကို နီးစပ်ရာတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဇလွန်မြို့ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးထွန်းထွန်းလင်း က "အခုနယ်လှည့်ဆေးကုသရေးအဖွဲ့ ရွှေပုစွန်ရေယာဉ်ကြီးက ကျွန်တော်တို့မြို့နယ် မှာ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ပြီးကုသပေးမယ်ဆိုပြီး သိရတဲ့အချိန်ကစပြီး ကျွန်တော်တို့ဇလွန်မြို့နယ်မှာရှိနေတဲ့ ပြည်သူတွေရဲ့ကိုယ်စား ကိုယ့်ဒေသကိုလာရောက် ကုသမယ့်အဖွဲ့တွေကို နွေးထွေးစွာကြိုဆိုဖို့ အစကတည်းက ကျွန်တော်တို့မှာ စိတ်ကူးရှိ ပြီးသားဖြစ်ပါတယ်။ အခုလိုအချိန်မှာလည်းကျွန်တော်တို့က လာရောက်ကုသတဲ့ အခြေ အနေမှာလည်း ကျွန်တော်တို့ဒေသအတွင်းမှာရှိတဲ့ ပြည်သူတွေဖြစ်ကြတဲ့ လူနာတော်တော်များများကလည်း ဝမ်းသာအားရနဲ့ ဒီကိုလာရောက်ပြီး ကုသနေတာတွေကို မြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ကိုယ်စား အင်မတန်မှ ဝမ်းသာပြီး အထူးကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစော ပိုင်းကကျွန်တော်တို့ဆီမှာ ဆေးကုသဖို့သတ်မှတ်ပေးထားတဲ့ရက်က နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက် ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဆေးကုသရေးအဖွဲ့မှာပါတဲ့ ဆရာဝန်ကြီးတွေရဲ့ စေတနာနဲ့ ကျွန်တော်တို့မြို့နယ်ကို နောက်ထပ်တစ်ရက်တိုးပြီး နိုဝင်ဘာ ၂၃ ရက်နေ့ အထိ ၃ ရက်တိုင်တိုင်ကုသပေးမယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ကျွန်တော်တို့ဒေသ အတွင်းမှာရှိတဲ့လူနာတွေအတွက် ပိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ဒီနယ် လှည့်ဆေးကုသရေးအဖွဲ့က တာဝန်ရှိသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။" ဟု ပြောကြားသည်။  

ချောင်းသာမြို့၊ ချောင်းသာ(၁)ရပ်ကွက်မှ ဒေါ်နုနုလွင်  က "တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ချောင်းသာကိုလာပြီး အခမဲ့ဆေးကုသ ပေးတယ်ဆိုလို့ ကျွန်မရဲ့မျက်စိရောဂါကို လာပြတာပါ။ ကျွန်မရဲ့မျက်စိက လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ခွဲစိတ်ရမှာပါ။ ကျွန်မမှာ ငွေရေးကြေးရေးအဆင်မပြေလို့ မခွဲစိတ် နိုင်တဲ့အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ခွဲစိတ်ပေးမယ်ဆိုလို့ လာရောက်ပြသတာပါ။ မျက်စိတစ်ဖက်မမြင်ရတော့ လမ်းသွားရတာလည်း အဆင်မပြေ ဘူး။ ဆိုင်ကယ်တွေဘာတွေနဲ့သွားရင်လည်း အန္တရာယ်ရှိပါတယ်။ အဲဒါကြောင့် မျက်စိ အလင်း ပြန်မြင်ချင်ပါတယ်။ ကိုယ့်မှာလည်း ငွေရေရးကြေးရေးမတတ်နိုင်တော့ အခုလို လာပြီး အခမဲ့ခွဲစိတ်ကုသပေးတာ အရမ်းဝမ်းသာပါတယ်။ ရောဂါဝေဒနာတွေကို လာ ရောက်ကုသတဲ့ လူတွေအားလုံးရဲ့ကိုယ်စား အခုလိုလာရောက်ကုသပေးတဲ့ တပ်မတော် သားဆေးကုသတဲ့ဆရာဝန်ကြီးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကိုယ့်မျက်စိ ပြန်ပြီးမြင်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာပါတယ်။ ဆရာဝန်ကြီးတွေ၊ တပ်မတော်သားတွေ အားလုံးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ကင်းပါစေ၊ ဘေးရှင်းပါစေ၊ လိုရာဆန္ဒတွေပြည့်ဝပါစေ။ အခုလို ကျွန်မတို့ဆေးကုသနိုင်အောင် စီစဉ် ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု ပြောသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)