စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်


MNP ၊ နိုင်ဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရသည့် ဟိုတယ်/တည်းခိုရိပ်သာပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးအတွက်လည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိမှသာ အဆင့်အတန်းအရည်အသွေး မြင့်မားသည့် ဟိုတယ်/တည်းခိုရိပ်သာများအဖြစ် နာမည်ရရှိလာမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ ကလည်း မိမိတို့လက်ရှိနေရာတွင် ရပ်နားမနေပဲ နောက်တစ်ဆင့်မြင့်သည့် ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန်နှင့် ဘက်စုံစွမ်းဆောင် ရည်ရှိနေရန်အတွက် ယခုလို သင်တန်းမျိုးတွင် ကြိုးစားအားထုတ် လေ့ကျင့်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှ ပို့ချပေးမည့် ဝန်ဆောင်မှုဆိုင်ရာ ပညာရပ်များအား အပတ်တကုတ် လေ့လာ ဆည်းပူးသွားကြရန်၊ သင်တန်းမတက်ရောက်နိုင်သေးသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ဆင့်ပွား သင်ကြားပေးနိုင်သည့် အဆင့်ရောက်အောင် လေ့လာသင်ယူသွားကြရန်နှင့် ရှိပြီးသား အရည်အသွေးများအား ယခုသင်တန်းမှ သင်ကြားပို့ချပေးမည့် ပညာရပ်များဖြင့် ပေါင်းစပ်၍ မိမိတို့၏ အရည်အသွေးများကို မြှင့်တင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ မန္တေလးမြို့၊ SKy Team Academy သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်အောင်က သင်တန်းတွင်သင်ကြားပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ရိုက်ကူးထားသည့် "ဇေယျာရွှေမြေသို့ ခရီးသွားခြင်း" အစီအစဉ်ပါ ခရီးစဉ်ဒေသနောက်ခံအရုပ်များဖြင့် သီချင်းအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းသို့ သင်တန်းသား/သူ ၆၀ ဦး တက်ရောက် သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁၀ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)