မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်





MNP ၊ နိုဝင်ဘာ ၂၃

၂၀၂၃ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် (မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော်၊ ဘဒ္ဒန္တစန္ဒောဘာသထံသို့ ကထိန်လျာမြတ်သင်္ကန်းနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီး အလှူရှင်အပေါင်းတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ဌာနအသီးသီးမှ အလှူရှင်များ၏စုပေါင်း၍ ပဒေသာပင် (၄၈)ပင်၊ ပစ္စည်းတန်ဖိုး (၁၇၀၃၅၆၅၀)ကျပ်၊ ငွေသား (၂၁၆၄၃၇၀၀) ကျပ်၊ စုစုပေါင်း (၃၈၆၇၉၃၅၀) ကျပ်တို့အား လှူဒါန်းခဲ့ကြပြီး ရုံးဌာနများအလိုက် ကျောင်းတိုက်တော်များသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)