ပဲခူးတိုင်းအတွင်းရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍလိုအပ်ချက်များ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းအတွင်းရေကြီးနစ်မြှုပ်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍလိုအပ်ချက်များ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်






MNP ၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ဆောင်းသီးနှံအထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်းမျိုးသန့် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အဆိုပါတောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

         

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရေကြီးနစ်မြှုပ်ခဲ့စဉ် မိုးစပါးစိုက်ဧကများ ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အမြန်ဆုံးရိတ်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုလျော့နည်းခဲ့ပြီး အမှန်တကယ်ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအတွက် နစ်နာမှုအား ပြန်လည်ကုစားနိုင်ရေး ဆောင်းသီးနှံအတွက် မျိုးစေ့လိုအပ်ချက်များ ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တောင်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ရေကြီးနစ်မြှုပ်ပျက်စီးမှုကြောင့် နစ်နာခဲ့ရသည့် မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာ့တစ်ဝှမ်းရာသီဥတုဖောက်ပြန်မှုကြောင့် ကြုံတွေ့နေရသည့် ရေကြီးမှု၊ မီးလောင်မှု၊ ရေရှားပါးမှုစသည့် သဘာဝဘေးအန္တရာယ်များကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ကြုံတွေ့နေရကြောင်း၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံပုံစံများစိုက်ပျိုးနိုင်ရေး၊ တစ်နှစ်(၃)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်း(၄)သွယ် ပြည့်စုံမှုရှိစေရေး ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တောင်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ပဲခူးခရိုင်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဝေါမြို့နယ်တွင် ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် မိုးစပါးစိုက်ဧက (၇၆၈၁)ဧက ပျက်စီးခဲ့ကြောင်းနှင့် ထိခိုက်နစ်နာခဲ့ရသည့် မိုးစပါးစိုက်တောင်သူများအတွက် ဆောင်းသီးနှံပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အထွက်နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်း မျိုးသန့်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

         

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၊ နေဝန်းနီ (သမဝါယမအသင်းလီမိတက်)၏ ငါးမွေးမြူရေးကန်သို့ ရောက်ရှိခဲ့ရာ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးရိက္ခာထုတ်လုပ်နေမှုနှင့် အောက်တိုဘာလအတွင်း ရေကြီးရေလျှံခဲ့မှုကြောင့် ဆုံးရှုံးခဲ့ရသည့် ငါးမွေးမြူရေးလုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် ငါးသားပေါက်များ အခမဲ့ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး ငါးကန်များအတွင်း ငါးသားပေါက်များ ထည့်သွင်းပေးခဲ့ကြသည်။


ပဲခူးနယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ အဆက်အပြတ်ရွာသွန်းခဲ့မှုကြောင့် တစ်ဖွဲ့ပိုင်နှင့် ဌာနပိုင်ငါးမွေးမြူရေးခစန်း(၃)ခု၊ ငါးကန်ဧရိယာ(၂၇၉.၀၄)ဧက၊ သမဝါယမပိုင် ငါးမွေးမြူရေးလုပ်ငန်း(၂)၊ ငါးကန်ဧရိယာ(၂၃၉.၅၃)ဧကနှင့် ပုဂ္ဂလိကပိုင် ငါးမွေးမြူရေးလုပ်ငန်း(၂၇)ခု ငါးကန်ဧရိယာ (၁၇၀၂.၅၄)ဧက၊ စုစုပေါင်းငါးမွေးမြူသူ (၃၂)ဦး၏ ငါးကန်ဧရိယာ (၂၂၂၁.၁၁) ဧကတွင် ရေကြီးနစ်မြှုပ်မှုကြောင့် ငါးများလွတ်ထွက် ဆုံးရှုံးခဲ့ရမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ငါးမွေးကန်တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၃၀၀၀)နှုန်း အခမဲ့ပြန်လည်ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)