MNP ၊ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ (ဗဟိုရန်ကုန်ရုံးခွဲ)မှ ဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါဝေဒနာရှင်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာတွင် ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ (ဗဟို-ရန်ကုန်ရုံးခွဲ)မှ ဆရာဝန်ကြီး ဒေါက်တာရန်ရှင်းမောင် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စာဘူးတောင်းကျေးရွာအုပ်စုနှင့်နီးစပ်သည့် ကျေးရွာများမှ တီဘီရောဂါဝေဒနာခံစားနေရသည့် ဒေသနေပြည်သူ(၁၄၁)ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါကဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများ ကို ဆောင်ရွက်သည်။
အဆိုပါ ဆေးကုသပေးရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment