၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်



MNP ၊ နိုဝင်ဘာ ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်(2023 Sichuan-Chongqing & Mekong Countries Sub-National Cooperation Forum) သို့ တက်ရောက်ခဲ့သည်။

မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို အကျိုးဖြစ်ထွန်းစေရန်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖိုရမ်အကြို အစီအစဉ်အနေဖြင့် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ထုတ်ကုန်ပြပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ချုံချင့်မြို့ရှိ Guanyinqiao အရောင်းစင်တာ ၌ ကျင်းပခဲ့ပြီး အဆိုပါအစီအစဉ်သို့ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် ချုံချင့်မြို့တော်ဝန်က တည့်ခင်းဧည့်ခံသည့် ညစာစားပွဲကို ချုံချင့်မြို့ရှိ Wudu ဟိုတယ်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့် ဒေသနှင့်မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ချုံချင့်မြို့ရှိ နိုင်ငံခြားရေးရုံး၌ ကျင်းပရာ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးမင်းမင်းတက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက ဖိုရမ်တွင် ဆွေးနွေးမှုများသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နောင်အနာဂတ်တွင် ပိုမိုကြီးမားသော စီးပွားရေးပေါင်းစည်းမှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ ချုံချင့်ဒေသအပါအဝင် မဲခေါင်ဒေသခွဲ နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကုန်စည်များကို ဖော်ထုတ်တင်ပို့ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ပို့ကုန် လုပ်ငန်းရှင်များနှင့် တင်သွင်းသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် အရေးကြီးပါကြောင်းနှင့် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ထိတွေ့ဆက်ဆံမှုကို ပိုမိုအရှိန်မြှင့်တင်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် Bishan ခရိုင် New World ဟိုတယ်တွင် ကျင်းပသည့် ဖိုရမ်အစီအစဉ်၌ တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့တော်ဝန်များနှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း တက်ရောက်ဆွေးနွေးသည်။

မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်ထုတ်လုပ်မှုအတွက် အရေးပါမှုများ၊ မန္တလေးနှင့် ပုဂံမြို့များအပါအဝင် ဆက်စပ်ဒေသများ၏ ခရီးသွားလုပ်ငန်းများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဖိုရမ်သို့ တက်ရောက်နေသော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၄ ရက်တွင် ချုံချင့်မြို့ရှိ မော်တော်ယာဉ်ပြခန်းစင်တာ၊ ချုံချင့်မြို့ပြစီမံကိန်းဆိုင်ရာပြခန်း၊ ချုံချင့်မြို့ရှိ နိုင်ငံတကာထောက်ပံ့ ပို့ဆောင်ရေးပြခန်းများသို့ သွားရောက်လေ့လာကြသည်။

၂၀၂၃ ခုနှစ် စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်အတူ ချုံချင့် ဒုတိယမြို့တော်ဝန်၊ စစ်ချွမ်းပြည်နယ် လွှတ်တော်အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ အာဆီယံ-တရုတ် ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံ စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ Bang ပြည်နယ် ဒုတိယအတွင်းရေးမှူးတို့နှင့် တရုတ်နိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ဒုတိယဝန်ကြီးနှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)