ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို






MNP ၊ နိုဝင်ဘာ ၂၂

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် လာရောက်သော ထိုင်း ဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်ခဲ့ကြသူများအား အလေးပြု ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်မှ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းဘုရင့် လေတပ် ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးဂုဏ်ပြုတပ်ဖွဲ့ အား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အခမ်းအနားပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံလေတပ်အရာရှိများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ကဘုရင့်နောင်ရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန် အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာအချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul တို့သည် အထိမ်းအမှတ် တံဆိပ်များအပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ထိုင်းဘုရင့်လေတပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဆက်လက်၍ ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို Jasmine ဟိုတယ်ရှိ ပုဂံဆောင်၊ ကစ္ဆပနဒီခန်းမ၌ ပြုလုပ်ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် များနှင့် တပ်မတော်(လေ)မှ အရာရှိကြီးများတက်ရောက်ကာ ညစာကိုအတူတကွ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဖျော်ဖြေရေးအဖွဲ့များက တေးသံသာ များဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆင်ဖြူတော်များအား သွားရောက်လေ့လာကြည့်ရှုခြင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇိယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော် များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)