တရုတ် - မြန်မာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ် - မြန်မာ


ကျွန်တော်တို့ တိုင်းပြည်တွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိတယ်။ အဓိကအားဖြင့်တော့ သူတို့တွေဟာ တိုင်းရင်းသားပြည်သူများကို ခုတုန်းလုပ်ပြီး လက်နက်ကိုင်အဖွဲ့ထူထောင်ကာ ကိုယ်ကျိုးရှာတဲ့ အလုပ်ကို လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အဓိကစီးပွားရေးဟာ မူးယစ်ဆေးဝါး လုပ်ငန်းပဲ ဖြစ်ပါတယ်။ တရားမဝင် လုပ်ငန်းမျိုးစုံကိုလည်း လုပ်ကိုင်ကြပါတယ်။ အဲဒီလို လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် အစိုးရကလည်း သည်းခံခွင့်လွှတ်မှုနဲ့အတူ ငြိမ်းချမ်းရေးစကားဝိုင်းကို ဖိတ်ခေါ်ခဲ့တာတွေ ရှိပါတယ်။

အစိုးရက သူတို့ရဲ့ နိုင်ငံရေးရာလိုလားချက်တွေအပေါ် ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေသည့်တိုင်အောင် သူတို့ရဲ့ သရုပ်မှန်က တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ရှေးရှုခြင်းမရှိဘဲ တိုင်းတပါး နိုင်ငံတွေက လက်နက်ငွေကြေး ထောက်ပံ့ပေးပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ဖို့ ဘယ်တုန်းကမှ လက်မရွံ့ခဲ့ပါဘူး။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရပေါ်ပေါက်လာပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုမဆို ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ခဲ့တာ ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီလိုကမ်းလှမ်းမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့တဲ့အကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့ပါတယ်။ တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး ပြည်သူလူထုအကျိုးကို နိုင်ငံရေးလမ်းကြောင်းပေါ်ကနေ ဆောင်ရွက်လိုတဲ့ လက်နက်ကိုင်အဖွဲ့တွေ လာရောက်ဆွေးနွေးခဲ့ကြပါတယ်။ သဘောတူညီချက်တွေ ရရှိပြီး လက်မှတ်ရေးထိုးနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ 

၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ MNDAA, TNLA, AA ဆိုတဲ့ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်ဆိုသူများကတော့ ခေါင်းဆောင်လို့ ပြောမယ့်အစား လူ့ဗရမ်းဗတာများလို့ ဆိုရင် မမှားနိုင်ပါဘူး။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က သူတို့ကိုလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးစဉ်မှာတော့ အပြုသဘောဆန်တဲ့ ရလာဒ်ကောင်းတွေ ရှိခဲ့ပေမယ့် သူတို့ဟာ တစ်ဖက်မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။ ဒီလို အောက်တန်းစားစိတ်ဓာတ်ရှိသူများကိုခေါင်းဆောင်များလို့ ဆိုနိုင်ပါ့မလား။

ယနေ့ (နိုဝင်ဘာ ၂၅ရက်)နေ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ရဲ့ ထုတ်ပြန်ပြောကြားချက်မှာ တရုတ်နိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားလာတဲ့ အပြုသဘောဆန်တဲ့ သတင်းစကားတစ်ခုကို ကြားသိလိုက်ရပါတယ်။ ဗိုလ်ချုပ်ဇော်မင်းရဲ့ ရှင်းလင်းပြောကြားချက်မှာ "တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန် စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ (၂၅)ရက်နေ့မှာ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လုပ်ဆောင်မယ့် နေရာကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်ခြားဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသ လုံခြုံရေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပေါ်မှာ ရပ်တည်လျက်ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ကို အမြဲတမ်း လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။" လို့ ပြောကြားထားပါတယ်။

MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီးနောက် ရှမ်းပြည်(မြောက်ပိုင်း)မှာ ဒေသခံပြည်သူထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ရတဲ့အပြင် အကြမ်းဖက်သောင်းကျန်းသူများဟာ ကျင်စန်းကျော့ ကုန်တင်ကုန်ချစခန်းကို ဒရုန်းအသုံးပြုပြီး Drop Bomb များ ကျဲချခဲ့တဲ့အတွက် ကုန်တင်ကားကြီးများနှင့် ကုန်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ပြည်သူများအနေနဲ့ သည်းခံနိုင်စရာမရှိတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြတောင်းဆိုမှုများဟာ နီပိန်းများကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ကြဖို့၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့၊ အိမ်နီးချင်း တရုတ်အနေနဲ့လည်း အကြမ်းဖက်အဖွဲ့အစည်းများကို ကူညီပံ့ပိုးခြင်း မပြုဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုရခြင်းဟာလည်း ရှမ်းပြည် (မြောက်ပိုင်း)မှာ ဒေသခံပြည်သူထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခကြုံတွေ့နေရတဲ့အပေါ်မှာ စာနာထောက်ထားဖို့ကိုသာ ဦးတည်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး တရုတ် - မြန်မာ အစိုးရနှစ်ရပ် တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို အလေးထားပြီး လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ဆန္ဒပြတောင်းဆိုမှုများဟာ အမျိုးသားရေးရှုထောင့်ကနေ တောင်းဆိုခြင်းဖြစ်တဲ့အတွက်အကြောင့် နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် တောင်းဆိုမှုမျိုးတွေ မပါဝင်ခဲ့ပါဘူး။

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရှင်းလင်းပြောကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းတိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို တရုတ်မြန်မာ နယ်စပ်မှာ  ယနေ့စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကို ဆက်သွယ်အကြောင်းကြားလာတဲ့ အခြေအနေမှာလည်း တရုတ်သမ္မတ ရှီကျင်ဖိန် မြန်မာနိုင်ငံကို လာရောက်စဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့သည် သဘောထားအတိုင်းပဲ ရပ်တည်ချက်မပြောင်းလဲတဲ့ သဘောကို မြင်တွေ့ရပါတယ်။ အထူးအားဖြင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းက တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများရဲ့ တောင်းဆိုမှုကို တစ်စိတ်တစ်ဒေသ အလေးထား ဆောင်ရွက်ပေးလာတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

တရုတ်နိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားလာတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားထားရာမှာ " မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောများလည်း ချစ်ကြည်ရေးခရီး မြန်မာနိုင်ငံကို မကြာမီမှာ လာရောက်လည်ပတ်ဖို့ ရှိပါတယ်။ တရုတ် - မြန်မာ နှစ်နိုင်ငံ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။" ဟု ရှင်းလင်းပြောကြားထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကာလရှည်ကြာ ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်လှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုရဲ့ ပယောဂတွေ များစွာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးလုပ်စားသူဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် အမည်ခံထားသူများဖြစ်ပါစေ သူတို့ရဲ့ အကျိုးစီးပွားမပါရင် ဘာအလုပ်မှ မလုပ်ကြပါဘူး။ အကျိုးအမြတ်များများရလေ မိုက်မိုက်ကန်းကန်း လုပ်လေပါပဲ။ နစကအစိုးရသက်တမ်းအတွင်းမှာ ပြည်ပြေး ဝရမ်းပြေးများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်တွဲပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဟာ ဒီသဘောတရားအပေါ်မှာ အပြည့်အဝ အခြေခံပါတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးလို့ ဆိုခြင်းထက် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေခြင်းဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ သြဇာခံအစိုးရတစ်ရပ် ထားရှိပြီး တရုတ်ပြည်ကို ထိန်းချုပ်ကိုနိုင်ဖို့ ကြိုးပမ်းရာမှာ မအောင်မြင်တဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေးကို ဦးတည်လုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူများအနေနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ရင်ဆိုင်နေရချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီဖေးမမှုကို လိုအပ်ပါတယ်။ အာဆီယံဒေသတွင်းမှာတောင် အနောက်အုပ်စုရဲ့ သြဇာခံနိုင်ငံတွေရဲ့ ရန်လိုခြင်းကို ခံနေရတဲ့ အချိန်မျိုးမှာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲပ ဆက်ဆံရေးဟာ အထူးကောင်းမွန်နေမှသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ရှမ်းပြည် (မြောက်ပိုင်း)မှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်က အလေးထားပြီး ပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်းပီသစွာ လက်တွဲဖြေရှင်းဆောင်ရွက်ပေးနေပြီ ဖြစ်သလို မြန်မာပြည်အတွင်းမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်မှုများနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်းပီသစွာ လက်တွဲဆောင်ရွက်ပေးခဲ့မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)