ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဘရူနိုင်းနိုင်ငံ၌ကျင်းပသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ် အာဆီယံဝန်ကြီးများ၊ ရှေ့နေချုပ်များ အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဘရူနိုင်းနိုင်ငံ၌ကျင်းပသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ် အာဆီယံဝန်ကြီးများ၊ ရှေ့နေချုပ်များ အစည်းအဝေးတက်ရောက်


MNP ၊ နိုဝင်ဘာ ၂၄

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယမန်နေ့က ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ ကျင်းပသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ်အာဆီယံဝန်ကြီးများ၊ ရှေ့နေချုပ်များအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင်ဘရူနိုင်းနိုင်ငံရှေ့နေချုပ် H.E Dato Seri Paduka Ahmad Isa က အဖွင့် အမှာစကားပြောကြားပြီး သဘာပတိအဖြစ် ဆောင်ရွက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့ကမ္ဘာတွင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု စသည့်ပြစ်မှုများသည် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ကျူးလွန်သည့် ပြစ်မှုများအဖြစ် တွေ့မြင်လာရကြောင်း၊ ထိုသို့သော ပြစ်မှုများသည် နိုင်ငံတစ်ခု၏ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စီး စေသည်သာမက နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း၊ လူမှုအဖွဲ့အစည်းများအတွင်း တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတိုင်းတွင် ကျင့်သုံးသည့် ဥပဒေစနစ်များ တူညီမှုမရှိကြသဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် များစွာအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက အတည်ပြုပါဝင် ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့်အာဆီယံတို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံဖြတ် ကျော်မှုခင်းများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Con- vention against Transnational Organized Crimes) ကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံ သဘောတူစာချုပ်များချုပ်ဆို၍ ပြစ်မှုဆိုင်ရာမှုခင်းများတွင် အပြန်အလှန်အကူအညီပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်တွင်းဥပဒေအဖြစ် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီပေးရေး ဥပဒေနှင့် နည်းဥပဒေတို့ကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေအရ ပြည်ပနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံသို့လည်းကောင်း၊ မြန်မာနိုင်ငံက ပြည်ပနိုင်ငံတစ်နိုင်ငံသို့လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သံတမန်လမ်းကြောင်းမှ တစ်ဆင့်ဖြစ်စေ ပြစ်မှုဆိုင်ရာမှုခင်းများနှင့်စပ်လျဉ်း၍ အကူအညီတောင်းခံနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အာဆီယံသဘောတူစာချုပ်များ၊ နှစ်နိုင်ငံသဘောတူညီချက်များပါ တာဝန်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံအားလုံးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ အဆိုပါ မှုခင်းများကို ထိရောက်စွာ ဟန့်တား တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံတည်းဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များမှ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ ဥပဒေရေးရာဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ထိုင်းနိုင်ငံဒုတိယရှေ့နေချုပ် H.E Mr Jumpon Phansumrit နှင့်တွေ့ဆုံ၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာ-ထိုင်း-လာအိုနိုင်ငံ ဥပဒေအရာရှိများအကြား ရွှေတြိဂံဒေသဥပဒေအရာရှိများ ကွန်ရက်အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် နှစ်စဉ်အစည်းအဝေးများ အလှည့်ကျလက်ခံကျင်းပဆောင်ရွက်ရေး၊ အာဆီယံရှေ့နေချုပ်ရုံးများအကြား ထိရောက်ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် အာဆီယံဥပဒေအရာရှိများ ကွန်ရက်တစ်ခု တည်ထောင်နိုင်ရေးတို့ကို ရင်းနှီးစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)