ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲတက်ရောက် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲတက်ရောက် ဖွင့်လှစ်


MNP ၊ နိုဝင်ဘာ ၂၂

၂၀၂၃ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ ညနေ (၄) နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က လောကချမ်းသာ စူဠာမုနိဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန် မီးပုံးပျံ လွှတ်တင်ပူဇော်ပေးကြသည်။

ဆက်လက်၍ အဝေရာမီးပုံးပျံကွင်းတွင် ဒေသခံအဆိုတော်များမှ ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ရှမ်းရိုးမက အိုးစည်သံ၊ မြေပြန့်သူလေး နောင်ပိန်နောင်၊ ရိုးရာမပျက်တဲ့မြေသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ၂၀၂၃ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ နာယက၊ ရပ်မိရပ်ဖ၊ မီးပုံးပျံပညာရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်၏ အထင်ကရ တန်ဆောင်တိုင်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပေးခြင်းဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်းဖြစ်ပါကြောင်း၊ တန်ဆောင်တိုင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များအနက် (၈)လမြောက်ဖြစ်သည့် တန်ဆောင်မုန်းလမှာ “ တန်ဆောင်မုန်းလ တန်ဆောင်တိုင်ပွဲ” ဆိုသည့် စာဆိုနှင့်အညီ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပသော ပွဲတော်ကြီး တစ်ခုဖြစ်ပါကြောင်း ၊ တန်ဆောင်မုန်းလ၏ အနှစ်သာရမှာ ကထိန်သင်္ကန်း ကပ်လှူပွဲ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ဆေးပေါင်းခသည့် မဲဇလီဖူးသုပ်ပွဲ ၊ ကျီးမနိုးပွဲ ၊ တောင်ထိပ် သဘင်ပွဲနှင့် မီးပုံးပျံပွဲစသည့် ရိုးရာဓလေ့ပွဲတော်များ ကျင်းပခွင့်ရရှိကြခြင်းဖြစ်ပါကြောင်း၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါ (၇၁) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ တို့တွင့် ကိုဗစ်-၁၉ ရောဂါကြောင့် မီးပုံးပျံပွဲ မကျင်းပနိုင်ခဲ့ပါကြောင်း ၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၁၃၈၅ခု တန်ဆောင်မုန်းလဆန်း (၉)ရက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၇) ရက် အထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း / အုပ်စုအရုပ် ) ၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ အားလုံးနှင့် အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး၊ ညီရင်းအကို မောင်နှမများပမာ ရင်းနှီးချစ်ခင်စွာ အေးချမ်းတည်ငြိမ်စွာ စည်းလုံးညီညွတ်စွာ ပျော်ရွှင်ကြည်နူးစွာနှင့် ပူးပေါင်းပါဝင် ဆင်နွှဲကြရန်‌ ပြောကြားသည်။

၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စိန်နားပန် မီးပုံးပျံ (၂)လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား၊တိုင်းရင်းသူများမှ မီးပုံးပျံအလတ် အလုံး(၅၀)၊ ကျောင်းသား၊ ကျောင်းသူ(၁၂၀၀)ဦးမှ မီးပုံးပျံအသေး(၃၀၀)နှင့် ပရိတ်သတ်များမှ ကုမ္ပဏီ မီးပုံးပျံ အသေး(၂၀၀၀)လုံး လွှတ်တင်ပေး၍ မီးရှူး၊မီးပန်းပစ်ဖောက်ပေးကြပြီး ၂၀၁၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ဆုရသီချင်းဖြင့် တိုင်းရင်းသားယဉ်ကျေးမှုအကဖွဲ့နှင့် ပညာရေးဒီဂရီကောလိပ်အကအဖွဲ့တို့မှ တူညီအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခေတ်ပေါ်တေးဂီတတီးဝိုင်းမှ ဒေသခံအဆိုတော်များက ဧည့်ခံဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)