ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူကာ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြတိုက်ခြင်းများခံရနိုင်ပြီး မိမိတို့ ငွေများဆုံးရှုံးနိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူကာ လက်ဝယ်ထားရှိခြင်းကြောင့် လုယက်၊ ဓားပြတိုက်ခြင်းများခံရနိုင်ပြီး မိမိတို့ ငွေများဆုံးရှုံးနိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ်နိုင်


ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-


မေး။ ။  ဒီရက်ပိုင်းအတွင်း ဘဏ်တွေရှေ့မှာ ပြည်သူတွေ ငွေထုတ်ယူနိုင်ဖို့အတွက် တန်းစီနေတာ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ ဘာကြောင့်လို့ ပြောချင်ပါသလဲ။

ဖြေ။ ။ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အခွင့်ကောင်းယူပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာမှုနဲ့ စီးပွားရေးတည်ငြိမ်မှုကို မလိုလားတဲ့ သတင်းမီဒီယာများ၊ အကြမ်းဖက်အုပ်စုများနဲ့ ၎င်းတို့ကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်စာမျက်နှာများမှာ သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားမှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ယင်းသတင်းများအနက် နယ်ဘဏ်ခွဲအချို့မှာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက် တိုက်ခိုက်လုယက်ဖျက်ဆီးမှုတွေကို အခွင့်ကောင်းယူပြီး အဆိုပါသတင်းတွေကို ဓာတ်ပုံများနဲ့တကွဖော်ပြပြီး ပြည်သူတွေက ဘဏ်များမှ ငွေထုတ်ယူလို့မရတော့သယောင် သွေးထိုးလှုံ့ဆော်ရေးသားမှုတွေကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်ပြီး ဘဏ်များမှငွေတွေကို လိုသည်ထက်ပို၍ ထုတ်ယူနေခြင်းဖြစ်တယ်လို့ ပြောကြားလိုပါတယ်။


မေး။ ။ အခုလတ်တလောအခြေအနေတွေအရ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေမှာ အများပြည်သူ ငွေသားထုတ်ယူမှုအပေါ် ကန့်သတ်လိုက်ပြီဆိုတာ ဟုတ်ပါသလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ဖို့အတွက် ဘဏ်တွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ပြည်သူမှအပ်နှံထားတဲ့ ငွေများ အဆင်ပြေပြေထုတ်ယူနိုင်ရေးအပေါ် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။


မေး။     ။           Special Account တွေကနေ အချိန်မရွေး ငွေကြိုက်သလောက် ထုတ်ယူနိုင်တယ်လို့ နားလည်ထားပါတယ်။ ဒီရက်ပိုင်း Special Account တွေကို ငွေထုတ်ယူမှုကန့်သတ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်၊ မှန်ပါ သလား။ မြေပြင်မှာ ငွေသွားထုတ်တဲ့အခါမှာ တန်းစီ နေရပြီး ကိုယ့်အလှည့်ရောက်တဲ့အခါမှာ လိုချင်သလောက်မရခြင်း၊ နောက်ရက်မှလာထုတ်ဖို့ ထပ်မံ ချိန်းဆိုခြင်းတွေ ကြုံတွေ့နေရတဲ့အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။     ။ အပ်နှံငွေရဲ့အနေအထားအရ New Account (Special Account) ဆိုရင် ငွေသားထည့်သွင်းခဲ့တဲ့ပမာဏအတိုင်း ငွေသားထည့်သွင်းခဲ့တဲ့ ဘဏ်တွေမှာ ပြန်လည်ထုတ်ယူနိုင် ပါတယ်။ ငွေထုတ်ယူသူများရင် ဘဏ်အနေနဲ့ ၎င်းတို့ရဲ့ ငွေသိုလှောင်ခန်း အကျယ်အဝန်းပေါ်မူတည်ပြီး ငွေသားများထားရှိရတဲ့အတွက် ထုတ်ပေးဖို့ ငွေပမာဏကို စီစဉ်ဖို့လိုအပ်တာကြောင့် မိမိငွေထုတ်ယူလိုတဲ့ပမာဏကို ဘဏ်ကိုကြိုတင်အသိပေး အကြောင်းကြားထားရင် အဆင်ပြေမှာဖြစ်ပါတယ်။


မေး။     ။           မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ငွေထုတ် ကန့်သတ်ချက်မထားရှိဘဲ ငွေသားထုတ်ပေးခြင်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပါရှိပေမယ့် လက်တွေ့သွားရောက်ထုတ်ယူတဲ့အခါမှာ အချို့ပုဂ္ဂလိကဘဏ်တွေမှာ ကန့်သတ်ချက်တွေရှိနေလို့ ဒီအပေါ်မှာ ဘာများပြောကြားလိုပါသလဲ။

ဖြေ။ ။ အများပြည်သူအနေနဲ့ မိမိအပ်နှံထားတဲ့ အပ်နှံငွေအမျိုးအစားအပေါ်မူတည်ပြီး ဘဏ်က ငွေထုတ်ယူရာမှာ ကွဲပြားမှုများရှိနိုင်ပါတယ်။ Special Account ဆိုရင် မိမိငွေသား ထည့်သွင်းခဲ့တဲ့ ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ပါတယ်။ ငွေစု ဘဏ်စာရင်း(Saving Account)ဆိုရင် တစ်ပတ် တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စာရင်းသေအပ်ငွေ(Fixed Deposit)ဖြစ်ရင် သက်တမ်းပြည့်မယ့်အချိန်မှသာ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Saving Account အပါအဝင် အပ်ငွေ စာရင်းအဟောင်းတွေနဲ့ပတ်သက်ရင် ဘဏ်များမှ ငွေထုတ်ယူရာမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေး အစီအစဉ်သတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေဖြစ်တဲ့ မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းများ၊ Account Transfer များနဲ့ ဘဏ်ဝန်ဆောင်မှုများကို အကန့် အသတ်မရှိ ဆောင်ရွက်နိုင်ပါတယ်။


မေး။     ။           ပြည်တွင်း/ပြည်ပမီဒီယာများနဲ့ လူမှုကွန်ရက်တွေမှာ သွေးထိုးလှုံ့ဆော်မှုနဲ့ ဝိသမ လောဘသားများရဲ့ ကိုယ်ကျိုးစီးပွားရှာ သွေးထိုးမှုတွေကြောင့် ပုံမှန်ပြန်လည်လည်ပတ်နေတဲ့ ဘဏ်တွေမှာ ပြည်သူတွေ စိုးရိမ်တကြီး ငွေတွေ ထုတ်ပါတယ်။ ဘဏ်တွေ မပြိုလဲဖို့နဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေ မဆုံးရှုံးစေဖို့ ဗဟိုဘဏ်က ဘယ်လို အာမခံချက်တွေ ပေးဖို့ရှိပါသလဲ။

ဖြေ။     ။           ဗဟိုဘဏ်က အပြည့်အဝအာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလမှာ သာမက ကောလာဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများရဲ့ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံ ရှိတာကို အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။ ဘဏ်တွေက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဗဟိုဘဏ်မှာ အနည်းဆုံးထားရှိရမယ့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိမှာ ဘဏ်များက အနည်းဆုံးလိုအပ်ချက်ထက်ပိုပြီး ဗဟိုဘဏ်ထံ အပ်နှံထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ငွေပြန်လည်ထုတ်ပေးနိုင်ဖို့ ငွေကြေးလွယ်ကူမှုအချိုးများနဲ့လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များအနေနဲ့ အပ်နှံငွေတွေ အပြည့်အဝပြန်လည် ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို စောင့်ကြည့်ကြပ်မတ်လျက်ရှိတာ ကြောင့် ဘဏ်တွေအနေနဲ့လည်း အဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနဲ့အညီ ဆက်လက် ဝန်ဆောင်မှုပေးလျက်ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါတယ်။


မေး။ ။ ဘဏ်ကငွေတွေ အလုအယက်ထုတ်အောင် ကောလာဟလတွေထုတ်ပြီး ရွှေနဲ့ ဒေါ်လာဈေးကို ဆွဲတင်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူမယ့် အစီအစဉ်များ ရှိပါသလား။

ဖြေ။     ။           ဘဏ်တွေမှာ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားတဲ့ ငွေကြေးကျပ် သန်း ၁၀၀ ထက်ကျော်လွန်ပြီး ထုတ်ယူတဲ့ ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့(FIU)ထံ ပေးပို့ရတယ်။ အခုငွေထုတ်များနေတဲ့သူ တွေအားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ဈေးကစားမှုများမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်။ဘဏ်တွေထံမှ ပြည်သူတွေ ငွေထုတ်ယူဖို့ လှုံ့ဆော်ရေးသား၊ ဝါဒဖြန့်နေသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များချမှတ်နိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။


မေး။ ။ ပြည်သူတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်မှုအပေါ် ဗဟိုဘဏ်အနေနဲ့ မည်သည့် သတင်းစကားပါးလိုပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ် ပေးချေမှုများ တိုးတက်စေဖို့အတွက် ဒစ်ဂျစ်တယ်ပေးချေမှုနည်းလမ်းတွေဖြစ်တဲ့ အီလက်ထရောနစ် ကတ်များဖြင့်လည်းကောင်း၊ ဘဏ်များရဲ့ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း Pay များ၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်း Wallet များ အသုံးပြုပြီး အများပြည်သူအနေနဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေ အသုံးပြု ပြီး လုံခြုံစိတ်ချရတဲ့ စရိတ်စကသက်သာစွာနဲ့ အကျွမ်းတဝင် ကောင်းမွန်စွာလည်ပတ်ပြီး ငွေပေးချေမှုပြုလုပ်နိုင်ဖို့ကို ပြည်သူတွေကလည်း သုံးစွဲနေပြီး တိုးတက်မှုများလည်း နေ့စဉ်တွေ့ရှိနေရပြီ ဖြစ်ပါတယ်။ ဘဏ်စနစ်ကို ကောင်းမွန်စွာအသုံးပြုနေတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ ကုန်သည်များသာမက ကျေးလက်ဒေသရှိ ပြည်သူများကလည်း (ဥပမာ KBZ Pay )ကို လူကြီးလူငယ်များက အကျွမ်းတဝင် အသုံးပြုနေပြီဖြစ်ပါတယ်။ လက်ရှိ ကောလာဟလနဲ့ ငွေကြေးစနစ်ကို မတည်ငြိမ်အောင် နှောင့်ယှက်နေတဲ့ အဖျက်မီဒီယာတွေကြောင့် ပြည်သူများအနေနဲ့ အဖျက်မီဒီယာများရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ယုံကြည်ပြီး ငွေသားကိုင်ဆောင်မှုကို ပြန်လည်လိုက်ပါဖို့ မလိုအပ်ဘဲ ပုံမှန်အတိုင်း မိမိတို့ရဲ့ဘဏ်စနစ်နဲ့ ငွေပေးချေမှုများကို ဆက်လက်သုံးစွဲဖို့ လိုအပ်ပါတယ်။


ဘဏ်စနစ် ခိုင်မာယုံကြည်မှုရှိဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆုံးရှုံးနိုင်ခြေများကို အခြေခံပြီး စောင့်ကြပ်ကြီးကြပ်နေတဲ့အတွက် အများပြည်သူရဲ့ အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အပြည့်အဝအာမခံပါတယ်။ ဘဏ်များနဲ့ ဗဟိုဘဏ်မှာ ငွေသားအလုံအလောက်ရှိ ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ ဘဏ်ခွဲအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့ Core Banking System ကို အသုံးပြုလျက်ရှိပါတယ်။ ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှုအကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားရင်လည်း ပြည်သူတွေအနေနဲ့ အပ်ငွေတွေထုတ်ယူမရတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်သွားမှာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်ပြီး မိမိအပ်နှံထားတဲ့ အပ်ငွေအမျိုးအစားအလိုက် ငွေသားထုတ်ယူနိုင်ပါတယ်။


ဘဏ်များမှာ ယုံကြည်စိတ်ချစွာ အပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင် မဆို မိမိရဲ့ငွေပဲဖြစ်ပြီး အဆိုပါငွေများဟာ ကိန်း ဂဏန်း အတိအကျ၊ ပိုင်ရှင်အမည် အတိအကျနဲ့ ရှိနေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ တာဝန်ယူမှုနဲ့ အကာအကွယ်ပေးမှုအပြည့်အဝရရှိနေမှာ ဖြစ်ပါ တယ်။


ယခင်အတွေ့အကြုံများအရ ကောလာဟလများကြောင့် ပြည်သူများက ဘဏ်များမှ ငွေတွေစုပြုံ ထုတ်ယူခဲ့မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကောင်းမွန်စွာ စီမံထိန်းကျောင်းနိုင်ခဲ့ပြီး ဘဏ်များ ရဲ့ဝန်ဆောင်မှုများ ကောင်းမွန်စွာ ဆက်လက် လည်ပတ်နိုင်ခဲ့ပါတယ်။


ပြည်သူတွေ စိုးရိမ်ပူပန်မှုလွန်ကဲပြီး ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူကာ လက်ဝယ်ထားရှိခြင်း ကြောင့် လုယက်၊ ဓားပြတိုက်ခြင်းများ ခံရနိုင်ပြီး မိမိတို့ငွေများ ဆုံးရှုံးနိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ် နိုင်ပါတယ်။


ဘဏ်များရဲ့ ပြင်ပမှာ ငွေသားတွေ လိုသည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် အိမ်ခြံမြေ ဈေး၊ ရွှေဈေး၊ ငွေဈေးကစားသူတွေရဲ့ လှည့်ကွက်မှာ ပါဝင်ခဲ့ရင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ ဖြစ်ပေါ် လာနိုင်ကာ ပြည်သူလူထုသာလျှင် အခက်အခဲဒုက္ခ ရောက်နိုင်ပြီး စီးပွားရေး၊ လူမှုရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်မှာဖြစ်တဲ့အတွက် အဖျက်သမားများရဲ့ သတင်းမီဒီယာများက အခြေအမြစ်မရှိ ရေးသား ဖော်ပြနေတာကို စဉ်းစားချင့်ချိန်ပြီး ပြုမူဆောင်ရွက်ဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ယခင်ကလို ဘဏ်များထံမှ မိမိငွေတွေကို ရာခိုင်နှုန်း တစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေ သကဲ့သို့ ဖြစ်လာနိုင်ပါတယ်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နေ့စဉ် အချိန်နှင့်အမျှ ဘဏ်များရဲ့ ငွေသွင်း/ ငွေထုတ် အပ်နှံငွေ အခြေအနေတွေကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကောလာဟလ အပေါ် နားယောင်နေဖို့ မလိုအပ်ဘဲ ယုံကြည်စွာနဲ့ အများပြည်သူအကျိုးကိုကြည့်ပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။


လုံခြုံမှုရှိပြီး လူအများသုံးစွဲနိုင်တဲ့ ATM တွေမှာ လည်း ငွေများဖြည့်တင်းပေးထားပြီး ငွေကြေးစနစ် ကို ထိန်းချုပ်ရာမှာလည်း နိုင်ငံတကာနည်းတူ စည်းမျဉ်းစည်းကမ်းအတိုင်း အသေးသုံးငွေများကို ATM များမှာ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်းကောင်း၊ ပြည်တွင်းသုံး ကတ်စနစ်ဖြင့်လည်းကောင်း၊ CBM Net System ဖြင့်လည်းကောင်း တစ်ဘဏ်မှ တစ်ဘဏ် ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ငွေလွှဲ ပြောင်းနိုင်ပြီး ပြည်သူများက Account Transfer နည်းများဖြင့်လည်း ငွေပေးချေမှုနည်းလမ်းများကို အကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


မေး။     ။           လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်တွေမှာ ဘဏ်အချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ငွေကြေးကို လက်နက်ကိုင် အဖွဲ့အစည်းအချို့က သိမ်းသွားတာမျိုးရှိတယ်။ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားတဲ့ ငွေကြေးတွေနဲ့ပတ်သက် ပြီး ဘယ်လိုစီမံဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။     ။           အဲဒီဖြစ်စဉ်မှာပါရှိတဲ့ ဘဏ်တွေရဲ့ Customer များက မိမိတို့ ငွေကြေးများ ကို အထောက်အထားများနဲ့ တင်ပြလာရင် ဘဏ်များအနေနဲ့ ထုတ်ပေးနိုင်ဖို့ စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြားလိုပါတယ်။ ဘဏ်များမှာလည်း ၎င်းတို့ရဲ့ Customer များရဲ့ စာရင်းတွေ သိမ်းဆည်းထားပြီး ဖြစ်လို့ ဘဏ်များရဲ့ မည်သည့်ဘဏ်ခွဲမဆို တိုက်ဆိုင် စစ်ဆေးဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)