MNP ၊ နိုဝင်ဘာ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် (၂၅-၁၁-၂၀၂၃)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံအတွင်း Recycle စက္ကူဖြတ်စများကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ပြည်တွင်းသုံးစက္ကူထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် ကောက်ရိုး၊ ချဉ်ပေါင်လျှော်နှင့် သမန်းမြက်တို့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ စက္ကူထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) ရှိ Nilar Pulp and Paper စက္ကူစက်ရုံသို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုအားပေးသည်။
ထို့နောက် စက်ရုံရှင်းလင်းဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ စက္ကူပျော့ဖတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယနေ့ပြည်တွင်း၌ စက္ကူလိုအပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျောများကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သော ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဉ်ဝါးအလုံးရေ ၃၀၁ သန်း ထုတ်လုပ်ပေးနိုင်သည့် အတွက် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်သကဲ့သို့ ရေရှည်ကုန်ကြမ်းရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုးစိုက်ခင်းများ တည်ထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရရှိရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပေါင်းစပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME များအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်းလိုအပ်ချက်လုံလောက်ပါက ပြည်ပသို့တင်ပို့ရန် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ စက္ကူနှင့်ပျော့ဖတ်လုပ်ငန်းအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လုပ်ငန်းရှင်များက လုပ်ငန်း ဆောင်ရွက်နေမှု၊ ကုန်ကြမ်းရရှိမှုနှင့်ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပဈေးကွက်အနေအထားနှင့် တွေ့ကြုံရသောအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက စက္ကူပျော့ဖတ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Beautiful Wood ပန်းပု အချောထည်လုပ်ငန်းနှင့် သာကေတမြို့နယ်ရှိ ဦးကျော်ဆန်း ပန်းပုလုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ပန်းပုနှင့် ပရိဘောဂလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ်ရှိ Sedan Furniture စက်ရုံမှ ထုတ်လုပ်ထားသော ကြိမ်၊ ဝါးလက်မှုပစ္စည်းများ ပြသထားမှုကိုလည်းကောင်း၊ Bella Interior ကြိမ်အချောထည်လုပ်ငန်းတွင် ကြိမ်အချောထည်ပစ္စည်းများ ထုတ်လုပ်နေမှုလုပ်ငန်းအဆင့်ဆင့်နှင့် ပြည်ပတင်ပို့ရန် ဆောင်ရွက်ထားမှုအခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး စက်ရုံရှင်းလင်းဆောင်၌ ကြိမ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ Wood Deiwi ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်းနှင့် SSS Furniture ပရိဘောဂ ထုတ်လုပ်မှုလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment