ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် တွေ့ဆုံဆွေးနွေး



MNP ၊ ဒီဇင်ဘာ ၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ဗဟန်းမြို့နယ် အမှတ်(၅၀)ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာ မူဝါဒများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိအနေဖြင့် ဆင်ဆာအဖွဲ့ဝင်များနှင့် ယနေ့တွေ့ဆုံခြင်းမှာ လုပ်ငန်းများဆွေးနွေးညှိနှိုင်းရန်နှင့် အနာဂတ်ရုပ်ရှင်လောကအတွက် မည်သို့ဆောင်ရွက်သင့်သည်ကို ရုပ်ရှင်အနုပညာရှင်များ၏ အကြံပြုချက်များရယူနိုင်ရန် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် စစ်ပွဲများဖြစ်ပေါ်လျက်ရှိပြီး မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေရသည့်အတွက် အနုပညာရှင်များအနေဖြင့် နိုင်ငံသားတစ်ဦးပီသစွာ ဝိုင်းဝန်းကာကွယ် စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် အတွက် အမေရိကန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ထားသည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဖော်ပြချက်နှင့်ပတ်သက်၍ စိတ်မကောင်းဖွယ်ဖြစ်ရပါကြောင်း။


ယနေ့အချိန်တွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတလုပ်ငန်းများ ပုံမှန်အခြေအနေနီးပါးသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် ယခုထက်ပိုမိုကောင်းမွန်သည့် အခြေအနေမျိုးရောက်ရှိအောင် အားလုံးညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စာပေထုတ်ဝေခွင့်များနှင့် ပတ်သက်၍ လွတ်လပ်ခွင့်များပေးခဲ့သော်လည်း အချို့သော ပုံနှိပ်ထုတ်ဝေသူများသည် ကျင့်ဝတ်စည်းကမ်းများကို မလိုက်နာဘဲ မသင့်မလျော်ရေးသားထုတ်ဝေခြင်းများကြောင့် အရေးယူဆောင်ရွက်ခဲ့ရပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားများနှင့်ပတ်သက်၍ ဆင်ဆာကြည့်ရှုစိစစ်သည့် လုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြသမှုများနှင့် ပတ်သက်၍ မိမိတို့နိုင်ငံနှင့်ဆီလျော်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး ထိန်းသိမ်းကြပ်မတ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။


ရုပ်ရှင်ဇာတ်ကားများ ဖန်တီးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မိမိနိုင်ငံနှင့်လူမျိုး ထိခိုက်မှုမရှိစေရန် အသိတရားဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ရုပ်ရှင်ရုံများ၌ ကြည့်ရှုသူများ အထိုက်အလျောက်များပြားလာ ပြီဖြစ်၍ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်မှုများကို အကျိုး/အပြစ်ချိန်ဆ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်ဆောင်သည့် လုပ်ငန်းရပ်များသည် အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးပါရန်နှင့် လိုအပ်သည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းပေးရန် ပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာများ၊ ရုပ်သံလိုင်းများနှင့် ဒေါ်ဆွေဇင်ထိုက်တို့က ရုပ်ရှင်လောက ပိုမိုကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)