မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်‌အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်‌အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး






MNP ၊ ဒီဇင်ဘာ ၁၁

(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ၉-၁၂-၂၀၂၃ ရက်၊ (၁၇၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေ နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်း တို့သည် ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်‌အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ယင်းနေ့ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာရှီယွီကန်းသည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ၇-၁၂-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သော (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယမန်နေ့က ပြန်လည်ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)