ရွှေဘ နိုင်မယ့်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘ နိုင်မယ့်ပွဲ


ကျွန်တော် နေပြည်တော်မှာ ရောက်ရှိနေတဲ့အတွက် နေပြည်တော်အမျိုးသားရေးအဖွဲ့က ဆောင်ရွက်တဲ့ ကိစ္စတွေမှာ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ပါဝင်ဆောင်ရွက်ပါတယ်။ မိမိဆောင်ရွက်လိုတဲ့ ကိစ္စရှိရင်လည်း နေပြည်တော်အမျိုးသားရေးအဖွဲ့ က ဆရာတော်ဦးပညာနဲ့ တိုင်ပင်ပြီးတော့ပဲ ဆောင်ရွက်ပါတယ်။

မကြာသေးမီက ဆရာတော်ဦးပညာက ဦးဆောင်ပြီး နေပြည်တော်ကို ခေတ္တရောက်ရှိနေတဲ့  သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ - မစိုးရိမ်) ကို သီတင်းကျွတ်ကာလ ကန်တော့ကြဖို့ စီစဉ်ခဲ့ပါတယ်။ နေပြည်တော်အမျိုးသားရေးအဖွဲ့ က ဆရာတော်သံဃာတော်များနဲ့ တပည့်ဒကာ/ဒကာမများ စုပေါင်းကန်တော့ခဲ့ကြခြင်းဖြစ်ပါတယ်။ အဲဒီ ကန်တော့ပွဲမှာ ဆရာတော်ဦးဝီရသူ က ပွင့်ပွင့်လင်းလင်း စကားမပြောရဲကြတဲ့ တပည့်ဒကာ/ဒကာမတွေကို မေးမြန်းလျောက်ထားလိုသည်များ ရှိရင် ကိုယ့်အမျိုးသားရေးလှုပ်ရှားသူတွေပဲ ရှိတာဖြစ်တဲ့အတွက် ပွင့်ပွင်းလင်းလင်း ဆွေးနွေးမေးမြန်းနိုင်ကြောင်း ဦးစွာ မိန့်ကြားခဲ့ပါတယ်။ သို့ပေသော်လည်း ဒကာ/ဒကာမများက မမေးမြန်းရဲကြပါဘူး။

ဆရာတော်ကပဲ တိုင်းရေးပြည်ရာနဲ့ ပတ်သက်လို့ စကားစခဲ့ပါတယ်။ "ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ကျုပ်တို့ငယ်စဉ်က နာမည်ကြီးခဲ့တဲ့ ရွှေဘ နဲ့က ခပ်ဆင်ဆင်ဗျ။ နောက်ဆုံးမှာ ရွှေဘနိုင်မှာကိုတော့ သိတယ်။ လူကြမ်းကြီးတွေက ရွှေဘကို တွယ်ကြတဲ့အခါကြတော့ ရွှေဘရဲ့ ပရိတ်သတ်တွေက လူကြမ်းကြီးတွေကို ခဲနဲ့ထုကြတော့ လူကြမ်းကြီးတွေက ခဲနဲ့မထုပါနဲ့ဗျာ။ နောက်ဆုံး ရွှေဘ နိုင်မှာပါ။ ရွှေဘ ပြန်ချရင် ကျွန်တော်တို့ ခံရမှာပါလို့ ပြောတယ်။ ခက်တာက ရွှေဘ ဘယ်အချိန်မှ ပြန်ချမှာလဲ ဆိုတာကို မသိရတာ ခက်တာပေါ့ဗျာ။" လို့ မိန့်ကြားပါတယ်။

ဆရာတော်ရဲ့ တပည့်ဒကာ/ဒကာမတွေလည်း မိန့်ကြားလိုတဲ့ သဘောကို နားလည်ပြီး ရယ်မောကြရပါတယ်။ အဲဒီမှာ ဆရာတော် ဦးပညာကပဲ အရှင်ဘုရား ဘာကြောင့်အခုလို လုပ်နေတယ်လို့ မြင်ပါသလဲလို့ မေးလျောက်လိုက်ပါတယ်။ ဆရာတော် ခဏမျှ စဉ်းစားပြီး "ဒါကတော့ ထောက်ပြပြောဆိုစရာတွေ အများကြီး ရှိတယ်။ အာဏာသက်ဆိုးရှည်အောင် လုပ်နေတဲ့ သဘောမျိုးလည်း မြင်လို့ရတယ်။ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုတွေကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိတာကို အကြောင်းပြုပြီး အာဏာသက်တမ်းတိုး နေရခြင်းဖြစ်တဲ့ သဘောပေါ့။ ရဟန်းရှင်လူ ပြည်သူလူထုကတော့ အထိနာတာပေါ့။ ဒီအပေါ်မှာ ပြည်သူလူထုက အထင်အမြင်လွဲမှားလာနိုင်တယ်" လို့ မိန့်ကြားခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ အမည်ခံ MNDAA, TNLA, AA အကြမ်းဖက် သောင်းကျန်းသူ ၃ဖွဲ့က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီးတဲ့နောက်မှာ ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေး ထုတ်ပြန်ချက်အပေါ်မှာတော့ ဆရာတော်က အားရမိတဲ့အကြောင်း လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးနဲ့ အဓိက ရပ်တည်နေပြီး တရားမဝင် လုပ်ငန်းများ လုပ်ဆောင်နေတာကို ထောက်ထားပြောဆိုသွားတဲ့အပေါ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နှိမ်နင်းတဲ့အခါကြတော့ နိုင်ငံတကာက ပြစ်တင်ပြောဆိုလို့ မရတော့တဲ့အကြောင်း မိန့်ကြားပါတယ်။

ဆရာတော်က မေးမြန်းလျောက်ထားလိုသည်များ မေးမြန်းကြပါလို့ ပြောသည့်တိုင်အောင် ဒကာ/ ဒကာမတွေက မလျော်ကန်တာမျိုး မေးမြန်းမိမှာ ကြောက်ကြတဲ့အတွက် မမေးရဲကြပါဘူး။ ဆရာတော်က စာရေးသူဘက် လှည့်လာပြီး "ကဲ နောင်တော်လေး မင်းက မီဒီယာဆိုတော့ မင်းဘာ ဗျူးအုံးမလဲ" လို့ မိန့်ပါတယ်။ ကျွန်တော်က "အရှင်ဘုရား ရွှေဘ အလုပ် လုပ်အောင် တပည့်တော်တို့က ဘယ်လို တိုက်တွန်းတောင်းဆိုရမလဲ" လို့ မေးလျောက်လိုက်ပါတယ်။

ထိုစဉ်အချိန်ကလည်း စစ်ကိုင်းနဲ့ မန္တလေးတို့မှာ အကြမ်းဖက်အဖွဲ့တွေကို ဆန့်ကျင်ဆန္ဒပြနေကြတာ ဖြစ်တဲ့အပေါ် ဆရာတော်က အဲဒါကို အခြေခံပြီး -

"အခုဆန္ဒပြတဲ့ သူတွေက ဘယ်သူတွေကို ဆန္ဒပြနေကြသလဲ။" 

"KIA/KIO နဲ့ အကြမ်းဖက်အဖွဲ့တွေကို ပြနေကြတာပါ ဘုရား။"

ဆက်လက်ပြီး ဆရာတော်က "အေး အဲဒါ ခေါင်းစဉ်မှားတာပဲကွ။ အလုပ် လုပ်မယ့်သူကို တောင်းဆိုရမှာ။ အကြမ်းဖက်သမားများက အကြမ်းဖက်သမားအလုပ် လုပ်မှာပဲ။ တောင်းဆိုလို့ ရပါ့မလား။ အကြမ်းဖက်နှိမ်နင်းရေးကို လုပ်ရမယ့် တာဝန်ရှိတဲ့ ရွှေဘကို ဆန္ဒပြကြရမှာ၊ တောင်းဆိုကြရမှာ မဟုတ်ဘူးလား" လို့ မိန့်ပါတယ်။

"တင်ပ ဟုတ်ပါတယ် ဘုရား"

"အေး အဲဒီ ကိစ္စက မင်းတို့ တာဝန်ဖြစ်သွားပြီ။ ဆရာတော်တို့က နေရာတိုင်း ဝင်ပြောလို့မရဘူး။ မင်းတို့ လူတွေ လုပ်ရမယ့် အပိုင်းဖြစ်သွားပြီ။ လုပ်ကြပေတော့ကွာ" လို့ မိန့်ကြားခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် နဲ့ နေပြည်တော်အမျိုးသားရေးအဖွဲ့များ နေပြည်တော်မှာ (၃)ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒါတွေက အကြမ်းဖက်အဖွဲ့များကို နောက်ကွယ်မှ ကူညီပံ့ပိုးနေတဲ့ နိုင်ငံတွေအနေနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့၊ အကြမ်းဖက်အဖွဲ့များကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးခြင်း မလုပ်ဖို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး တို့မှာလည်း ဆက်တိုက်ဆိုသလို ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတွေကို ဆန့်ကျင် ရှုတ်ချခဲ့ကြပါတယ်။

ထပ်မံပြီးတော့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နဲ့အတူ CRPH, NUG ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ပါးစေ KIA, PDF, KNU, KNPP, KNDF, CDF အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်လုပ်ရပ်တွေ တိုးမြှင့် လုပ်ဆောင်လာတဲ့အပေါ်မှာ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်ဆိုတာ ပေါ်လွင်ထင်ရှားလာတဲ့အတွက် ဆန့်ကျင် ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့ကြသလို နစကအစိုးရအနေနဲ့လည်း အကြမ်းဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကျွန်တော်တို့တိုင်းပြည်တွင်းမှာ ယနေ့ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ပြည်ပနိုင်ငံများက ကျူးကျော်ဝင်ရောက်လာပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြခြင်း မဟုတ်ပါဘူး။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများက ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်မှာ အလွန်အမင်း ရက်စက်ယုတ်မာနေတဲ့ NUG ရဲ့ သြဇာခံ KNU, KIA, PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံခဲ့ပါတယ်။ ပြည်ပ သြဇာခံ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို အလေးထားလိမ့်မယ် မထင်ပါဘူး။

ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းများကို ထိန်းသိမ်းရမယ့် နစကအစိုးရ၊ တပ်မတော်ကိုလည်း ကျွန်တော်တို့က တောင်းဆိုပါတယ်။ ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့အစည်းများက မြို့သိမ်းတိုက်ပွဲလို့ ကြွေးကြော်ပြီး မြို့များအတွင်း ဝင်ရောက်ဖျက်ဆီး၊ လမ်းတံတားများကို ဖျက်ဆီး၊ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းကြောင့် အကြမ်းဖက်အဖွဲ့အစည်းများ ပပျောက်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။

နောက်ဆုံးမှာ ရွှေဘနိုင်မှာဆိုတာကိုတော့ ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ကြားကာလမှာ အထိနာနေတဲ့ ရဟန်းရှင်လူ ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ရှုပြီး တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှုတွေလည်း မဖြစ်စေဖို့ ရွှေဘ အနေနဲ့ မြန်မြန်အနိုင်ယူပါ။ အကြမ်းဖက်အဖွဲ့အစည်းတွေ ပပျောက်အောင်ဆောင်ရွက်ရမယ့် တာဝန်ဟာ အစိုးရရဲ့ တာဝန်ဖြစ်သည့်အတွက် အစိုးရယန္တရားအတွင်းမှ တာဝန်ရှိသူများက အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများနဲ့ ဟန်ချက်ညီညီ ပူပေါင်းဆောင်ရွက်ပေးပါ။ အစိုးရက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်နေပြီး အကြမ်းဖက်သမားများနဲ့ ပူးပေါင်းကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်ကို စတေးပြီး ကိုယ်ကျိုးရှာနေကြရင်ဖြင့် ပြည်ဖျက်မိစ္ဆာများသာ ဖြစ်ပေလိမ့်မလွဲ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)