နိုင်ငံတော်ဝန်ကြီးချုပ် သွားရင် စစ်ကြောင်းပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် သွားရင် စစ်ကြောင်းပါတယ်


တိုင်းပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆိုးဆိုးရွာရွားဖြစ်ပေါ်နေခဲ့တာ (၃)နှစ် နီးပါးရှိပါပြီ။ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်များအရ အကြမ်းဖက်အဖွဲ့ သတ်ဖြတ်မှုကြောင့် သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်းများနဲ့ အပြစ်မဲ့ ပြည်သူပေါင်း (၇၆၀၀)ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများကို အပြုသဘောဆန်ဆန် ဖိတ်ခေါ်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ အကြမ်းဖက်သမားများကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ကာလရှည်ကြာဖိတ်ခေါ်ခဲ့ပါတယ်။

တစ်ဖက်မှာ အားနည်းချက်အနေနဲ့ကတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ဖိဖိစီးစီး နှိမ်နင်းခြင်း မရှိသလို အကြမ်းဖက်ဘေးအန္တရာယ်ကြားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ/ဆရာမ၊ လက်နက်မဲ့ ဝန်ထမ်းတွေကို ကာကွယ်မှုမပေးနိုင်ခဲ့ဘူး။

တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို သိမြင်နားလည်ထားကြပြီးဖြစ်လို့ နစကအစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ဖြစ်နေပေမယ့် အုပ်ချုပ်ရေးယန္တရားအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံနေသူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုအတွင်းမှာ အပြစ်မဲ့ ပြည်သူများရဲ့ အသက်ကို စတေးပြီး ကိုယ်ကျိုးရှာလိုသူတွေ ရှိနေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာ သေဆုံးခဲ့ရတယ်။ ဒီအခြေအနေကိုလည်း နိုင်ငံတော်အကြီးအကဲများ သိပါတယ်။ အကြမ်းဖက်လှုပ်ရှားသူများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေသူတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ယနေ့ တိုင်းပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အစွမ်းကြောင့် အခုလိုတွေ ဖြစ်နေခြင်း မဟုတ်ပါဘူး။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက သတင်းတု၊ သတင်းမှားတွေ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေပြီး လှုံ့ဆော်တယ်။ ဝိသမလောဘသားများက အကြမ်းဖက်သမားများကို ငွေကြေးနဲ့ မက်လုံးပေးပြီး ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်ခိုင်းတယ်။ အစိုးရယန္တရားအတွင်းက တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန် တာဝန်ရှိသူတချို့က အကြမ်းဖက်သမားများထံမှ လာဘ်လာဘယူပြီး မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ဖြစ်ခဲ့ရတယ်။

အဘက်ဘက်က ပျက်ယွင်းနေတဲ့ ယန္တရားကို ထိန်းကျောင်းရတဲ့ ပုဂ္ဂိုလ်များမှာလည်း လွယ်ကူတဲ့ အခြေအနေမဟုတ်ဘူးဆိုတာကို တွက်ဆလို့ ရပါတယ်။ ၃နှစ်တာ ကာလအတွင်းမှာတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာများရဲ့ သရုပ်မှန်ကိုလည်း မြင်တွေ့ရပါပြီ။ လက်နက်၊ ငွေကြေး အထောက်အပံ့သာ ရမယ်ဆိုရင် ပြည်ဖျက်မိစ္ဆာတွေရဲ့ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ပါဝင်အားဖြည့်ပေးမယ့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ မင်းသားခေါင်းစွပ်ထားတာတွေလည်း ကွာကျသွားခဲ့ပါပြီ။ PDF အမည်ခံ လူရမ်းကားလေးတွေ ဆိုသည်မှာလည်း တော်လှန်အသိပညာ ဘာမှမရှိဘဲ လူသတ် အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ အသုံးချခံ ကြေးစား အကြမ်းဖက်သမားများသာ ဖြစ်ပါတယ်။ 

အခုတော့ အဲဒီ ပဒက်အမည်ခံ အကြမ်းဖက်သမားလေးများဟာ လက်နက်ကိုင်ပြီး အကြမ်းဖက်လှုပ်ရှားမှုဟာ ငွေရလွယ်လွန်းတဲ့ အရသာကို သိသွားကြပါပြီ။ လက်နက်ကောင်းကောင်းကို ဈေးကြီးကြီးနဲ့ ပေးဝယ်ပြီး မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အလုပ်ကို လုပ်သလို အများပြည်သူဆီက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ယူလို့ရတဲ့ အရသာကို သိသွားကြပါပြီ။ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာသူများဟာ နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားကြတာကိုလည်း ဒီကာလအတွင်းမှာ တွေ့မြင်ရပါတယ်။

အရာရှိရင် ဆေးရှိတယ်ဆိုပေမယ့် AIDS ၊ ကိုဗစ်-၁၉ တို့လို ရောဂါတွေကြတော့ ဆေးဝါးဖော်စပ်ဖို့ မလွယ်ပါဘူး။ ဒီရောဂါတွေအတွက် ကာကွယ်ဆေးတော့ ရပြီလို့ ပြောပါတော့။ မြန်မာ့နိုင်ငံရေး ပြဿနာတွေဟာ ထူးဆန်းထွေလာ ရောဂါတွေနဲ့တော့ မတူပါဘူး။ မထူးဆန်းတော့တဲ့ ပြဿနာတွေပါ။

တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ သောင်းကျန်းသူများဟာ လက်နက်ကိုင်ပြီး စီးပွားရှာတယ်။ အထူးအားဖြင့် အရင်းနည်းပြီး အကျိုးအမြတ်များတဲ့ မူးယစ်ဆေးဝါးဖြန့်ချိရေးဟာ သူတို့ရဲ့ ပင်မစီးပွားရေးဖြစ်ပြီးတော့ သူတို့ကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ ကူညီပံ့ပိုးမှုတွေ ရတဲ့အခါမျိုးဟာ ဒေသခံပြည်သူလူထု အတိဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ မိုက်ရူးရဲဆန်ဆန် လုပ်တတ်ကြပါတယ်။ သူတို့တွေဟာ အကြမ်းဖက် သောင်းကျန်းသူများ ပီပီ ပြည်သူလူထုအပေါ်မှာ သစ္စာထားတာမျိုး၊ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းတာမျိုးတာမျိုးတော့ မရှိပါဘူး။ အစိုးရက ဖိတ်ခေါ်တဲ့ အခမ်းအနားတွေဆိုရင်လည်း ဟုတ်တော့မလိုလိုနဲ့ တက်လာတာပဲ ဖြစ်ပါတယ်။ တဖက်က သတိူ့ကို ပေးကမ်းထောက်ပံ့ပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ခိုင်းပြီဆိုရင်လည်း ဆွေးနွေးညှိနှိုင်းထားတာတွေအပေါ် ဘာတစ်ခုမှ အလေးမထားတော့ပါဘူး။ ပြည်သူလူထုအတိဒုက္ခရောက်စေမယ့် အလုပ်တွေကို ပျော်ပျော်ကြီး လုပ်ကြတာ ဖြစ်ပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း)မှာဆိုရင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စပြီး MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်ခဲ့ကြရပါတယ်။ (၁၀-၁၂-၂၀၂၃) ရက်နေ့မှာတော့ ရှမ်းပြည်(မြောက်ပိုင်း) က စစ်ဘေးရှောင်အများစုရှိရာ လားရှိုးမြို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးသွားရောက်တွေ့ဆုံ အားပေးပြီး ထောက်ပံ့ငွေနဲ့ ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူများနဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လို အပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အားပေးစကားပြောကြား ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်ဘေးရှောင်ပြည်သူများကို နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် လို့ ပြောကြားပြီးသည်နှင့် တပြိုင်နက် ဒီကနေ့ (၁၁-၁၂-၂၀၂၃) ရက်နေ့မှာ တပ်မတော်စစ်ကြောင်းများ လားရှိုးမြို့အနီးဝန်းကျင်မှာ ရှိတဲ့ အကြမ်းဖက်သောင်းကျန်းသူ ပစ်မှတ်များကို ရှင်းလင်းဖို့ စစ်ကြောင်းချီသွားတာကို တွေ့မြင်လိုက်ရပါတယ်။ သဘောကတော့ မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုသည့်အတိုင်း နိုင်ငံတော်အကြီးအကဲက ပြည်သူလူထုကို အသိပေးပြောကြားခဲ့ပြီးဖြစ်တဲ့ စကားအတွက် သစ္စာရှိစွနဲ့ ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးတာကို မြင်တွေ့လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနဲ့ တွေ့ဆုံပြီး ဆောင်ရွက်ပေးမယ့် ကိစ္စကို အလေးထား ပြောကြားခဲ့ပြီးနောက်မှာ တချိန်တည်း တပြိုင်တည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့အပေါ်မှာ ပြည်သူတွေ ဝမ်းမြောက်ပီတိဖြစ်မှာ မလွဲဧကန်ပါပဲ။ ထိုနည်းတူစွာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း ခရီးထွက်ပါ။ ကယားပြည်နယ် (သို့မဟုတ်) ချင်းပြည်နယ် ကို သွားရောက်လေ့လာပြီး ဒေသခံပြည်သူလူထုရဲ့ သဘောထားကို မေးမြန်းပြီး နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် လို့ ပြောကြားပေးပါ။ ထို့အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခရီးထွက်ပါ။ စစ်ကိုင်းတိုင်း (သို့မဟုတ်) မကွေးတိုင်းကို ခရီးထွက်ပြီးတော့ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် လို့ ဒေသခံပြည်သူများကို ပြောကြားပေးပါ။ ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခရီးထွက်ပါ။ ကရင်ပြည်နယ် (သို့မဟုတ်) မွန်ပြည်နယ်ကို ခရီးထွက်ပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများနှင့် တွေ့ဆုံပြီး နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် လို့ ကတိပေးပါ။

နိုင်ငံတော်အကြီးအကဲများ သွားရင် စစ်ကြောင်းပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများက တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူများကို ခြေမှုန်းတဲ့ ဗုံးသံ၊ အမြောက်သံတွေ ဟာ နားဝင်ပီယံ ရှိပါတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေကို နှိမ်နင်းခြင်း မရှိဘူးဆိုရင်တော့ စားမဝင်၊ အိပ်မပျော် ကြပါဘူး။ ဘာကြောင့်လဲဆိုရင် အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူလူထုကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရှေ့က မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ တပ်မတော်ကို အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်တာမျိုး သူတို့ မကြားချင် မမြင်ချင်ကြပါဘူး။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည် (မြောက်ပိုင်း) ကို သွားတယ်။ စစ်ဘေးရှောင် ပြည်သူများနဲ့ တွေ့ဆုံပြီး နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ချက်ချင်းလက်င်း အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန် မြှင့်တင်လာတယ်။ 

အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးမှာ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည် လို့သာ ကတိပေးခဲ့မယ်ဆိုရင် အကြမ်းဖက်လှုပ်ရှားမှုဟာ တစ်လအတွင်း အမြစ်ပြတ်သလောက် ဖြစ်သွားမယ့် အခြေအနေကို မြင်ယောင်ကြည့်ရင်းက . . . . .


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)