ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာ


ကျွန်တော်တို့ တိုင်းပြည်ဟာ Facebook အဆိပ်သင့်နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ Facebook သုံးစွဲမှု မြင့်တက်လာတဲ့တချိန်တည်းမှာပဲ NLD ပါတီဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်လုပ်ဖို့ Facebook ကို စနစ်တကျ ချုပ်ကိုင် အသုံးပြုခဲ့ပါတယ်။

NLD အစိုးရလက်ထက် မှာ အများပြည်သူအကျိုးအတွက် သုံးစွဲဖို့ ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ သီးခြားရန်ပုံငွေထဲကနေ ငွေကျပ်သန်းပေါင်း ၆၃၀၀ ကျော် ပမာဏကို သုံးစွဲပြီး Facebook ကို စတင်ချုပ်ကိုင်ခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ပြီး ပါတီအကျိုးအတွက် အသုံးပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။

NLD ပါတီက ထိုသို့လုပ်ဆောင်ပြီးနောက်ပိုင်း NLD အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ထောက်ပြ ပြောဆိုသူတွေရဲ့ စာမျက်နှာတွေကို ဖျက်ချတာ၊ ဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီအရည်ခြုံထားသူတွေရဲ့ အာဏာရှင်သရုပ်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

NLD အစိုးရ၊ NLD ပါတီတာဝန်ရှိသူတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြသူတွေရဲ့ စာမျက်နှာတွေကို အာဏာရှင်ဆန်ဆန် ပယ်ဖျက်တဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား လုပ်ဆောင်နေသလို တဖက်မှာလည်း NLD လော်ဘီနဲ့ NLD ပါတီကို ဝန်းရံတဲ့ အနုပညာရှင်တွေရဲ့ စာမျက်နှာတွေကို Blue Mark တပ်ပေးပြီး ဘာသာရေးစော်ကားမှုတွေ၊ လူမျိုးရေးပြဿနာ ဖန်တီးမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ပါတယ်။

NLD ပါတီကို ဝန်းရံတဲ့ ချစ်သုဝေရဲ့ ဖခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာမှာ မြတ်စွာဘုရားရှင်ရဲ့ ဥုံဏှလုံမွေရှင်တော်ကို ထည့်သွင်းရေးစွဲပြီး လူမှုကွန်ရက်ပေါ် ဖြန့်ဝေတဲ့ကိစ္စ မဖွယ်မရာ လုပ်ရပ်ကို NLD ပါတီ လော်ဘီများက လုပ်ဆောင်ခဲ့သည့်အပေါ် တရားစွဲဆိုသည့်အခါမှာ ရဲစခန်း၊ တရားရုံးများက ဥပဒေနဲ့အညီ အမှုမဖွင့်ပေးခဲ့ပါဘူး။ အာဏာရှင် NLD ကို ကြောက်ရွံ့ကြခြင်းဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း အမေရိကန် သံရုံးက လေထုညစ်ညမ်းမှုကို အကြောင်းပြုပြီး ဗုဒ္ဓပုံတော်မှာ Mask တပ်ထားတဲ့ ပန်းချီကားကို လူမှုကွန်ရက်ပေါ် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ပါတယ်။ ကမာရွတ်ရဲစခန်းနဲ့ တရားရုံးမှာ ဦးပါမောက္ခနဲ့အတူ စာရေးသူပါ လိုက်ပါသွားပြီး တရားစွဲဆိုခဲ့ပါတယ်။ သက်ဆိုင်ရာ ရဲစခန်းက အမှုကို လက်မခံသလို၊ တရားရုံးကလည်း ချက်ချင်းလက်ငင်း တရားစွဲဆိုခွင့်မပြုကြောင်း အမိန့်ချပြီး ပလပ်လိုက်ပါတယ်။ အဲဒီ ရဲစခန်းတွေ၊ တရားရုံးတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါသော်လည်း ဘာသာရေးစော်ကားမှုနဲ့ ပတ်သက်လို့ စွဲဆိုလို့ရတဲ့ ဥပဒေ ပုဒ်မတွေကို သိပင် သိငြားလည်း အာဏာရှင်ထက်ဆိုးတဲ့ NLD အစိုးရလက်ထက်မှာ သူတို့ရဲ့ ရာထူးအာဏာတွေ ဆုံးရှုံးသွားနိုင်တဲ့အတွက် အမှုဖွင့်မပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သဘောကတော့ ဘာသာ သာသနာထက် ရာထူးအာဏာက အလုပ်ဖြစ်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ဒါတွေက ထင်ရှားတဲ့ သာဓကတွေကို ပြောခြင်းဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို စိတ်ဝမ်းကွဲအောင် Facebook လူမှုကွန်ရက်ကို အသုံးချပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ NLD ထောက်ခံသူတွေဟာ NLD လော်ဘီများရဲ့ မလျော်ကန်သော လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြသူတွေကို အစွန်းရောက်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားရေးလှုပ်ရှားသူများကို အစွန်းရောက်တံဆိပ်ကပ်ပြီး ပြည်ဖျက်မီဒီယာများကနေ ဝေဝေဆာဆာ ဖြန့်ဝေခဲ့တဲ့အခါ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကြားမှာ ပဋိပက္ခဖြစ်ရမယ့် အခြေအနေမျိုးအထိ ရောက်ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ဖြစ်ပွားစအချိန်မှာ မိတ္ထီလာမြို့ က NLD ထောက်ခံသူ ဆရာဝန်တစ်ဦး က ပါချုပ်ဆရာတော်ကြီးကနေ စပြီး ကိုရင်ပေါက်စပါမကျန် စော်ကားရေးသားမှုဟာ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒေသခံ ပြည်သူများက ဘယ်လိုမှ လက်သင့်မခံနိုင်ဘဲ အုံကြွလာတဲ့အတွက် အဲဒီဆရာဝန်တစ်ဦးကိုသာ မဖြစ်သာလို့ အရေးယူခဲ့ရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်မလာစေဖို့ ဆရာတော်သံဃာတော်များက ထိန်းသိမ်းပေးခဲ့ရခြင်းဖြစ်ပါတယ်။ 

မဲလိမ်မဲခိုးမှုတွေကြောင့် NLD ပါတီ အာဏာလက်မဲ့ ဖြစ်သွားရသည့်တိုင်အောင် ပြည်သူ့ဘဏ္ဍာငွေ သန်းပေါင်းများစွာကို အသုံးချပြီး Facebook ကို ချုပ်ကိုင်ထားနိုင်ခဲ့တဲ့ NLD ဦးဆောင်သူများဟာ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကို Facebook လူမှုကွန်ရက်ကနေပဲ အဓိက လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို၊ မောင်မောင်အေး (ကတုံး) ကဲ့သို့သော ဝါဒဖြန့် လှုံ့ဆော်နိုင်သူတွေက လုပ်ကြံဖန်တီးရေးသားမှုတွေ လုပ်ဆောင်ပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများကို စတင်ခဲ့ကြပါတယ်။ သူတို့တွေရဲ့ ရေးသားဖြန့်ဝေမှုများ လူထုကြားကို ပိုမိုပျံ့နှံ့စေဖို့ အနုပညာရှင်များကိုလည်း လိုက်ပါ လုပ်ဆောင်ခြင်းမရှိပါက Social Punishment လုပ်ဖို့ တချိန်တည်း တပြိုင်တည်း လှုံ့ဆော်ပြီး အနုပညာရှင်များကိုပါ သူတို့နဲ့အတူ နိုင်ငံရေးလှုံ့ဆော်မှုတွေမှာ ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။ တဖက်မှာ ပြည်ပက ရရှိထားတဲ့ ငွေကြေးတွေကိုလည်း အနုပညာရှင်များထံ ဖြန့်ဝေပေးထားတဲ့အခါ ငွေတစ်မျက်နှာသာကြည့်တဲ့ အနုပညာရှင်ဆိုသူများကလည်း ချက်ချင်းဆိုသလို တော်လှန်ရေးသမားကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။

နိုင်ငံရေးလုပ်စားသူတွေရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကို သူတို့ရဲ့ စာမျက်နှာတွေကနေ ထပ်ဆင့်ဖြန့်ဝေပေးတယ်။ သူတို့ရဲ့ Follower လူငယ်တွေဟာ အနုပညာရှင်တွေရဲ့ စည်းရုံးသိမ်းသွင်းခြင်းကို ခံရပြီး လမ်းပေါ်ကို ရောက်လာကြတယ်။ ဆူပူမှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုကို ဦးဆောင်တဲ့ မင်းကိုနိုင်က ဆန္ဒပြလူငယ်များကြား ခဏတဖြုတ် လူလုံးထွက်ပြတယ်။ ရုပ်သံတွေ ထုတ်လွှင့်ပြီး Facebook ကနေ ဖြန့်ဝေလှုံ့ဆော်တယ်။ မင်းကိုနိုင် ဆိုတဲ့ကောင်ဟာ တိုင်းပြုပြည်ပြု ဘယ်လိုလုပ်ရမယ်ဆိုတာကိုသာ မသိရင်ရှိမယ်။ တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေဖို့ လုပ်ကြံဖန်တီး လှုံ့ဆော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ဖြစ်တယ်။

ဒီလိုအစပြုခဲ့တဲ့ လှုံ့ဆော်မှုတွေကနေ သူတို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်တဲ့ အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်နိုင်ခဲ့တယ်။ ယနေ့အချိန်ထိတိုင်အောင်လည်း အကြမ်းဖက်လှုံ့ဆော်မှုတွေက facebook ကနေပဲ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဟာ facebook လူမှုကွန်ရက်ကို အသုံးပြုပြီး အဓိက ဝါဒဖြန့် လှုံ့ဆော်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုချင်းစီအတွက် ခေါင်းဆောင်တွေ မွေးတယ်။ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာတော့ privacy ကောင်းတဲ့ Signal app ကို အသုံးပြုပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ဆက်သွယ်လမ်းညွှန်တယ်။ ငွေကြေး ထောက်ပံ့ပေးတဲ့ အလုပ်တွေ လုပ်ပါတယ်။

အထက်ပါ ရေးသားဖော်ပြချက်များဟာ တာဝန်ရှိသူများ သိရှိထားပြီးဖြစ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Facebook လူမှုကွန်ရက်ဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပြုဘဲ ဆိုးကျိုးသာ ဖြစ်စေတယ်ဆိုတာကိုလည်း တာဝန်ရှိသူများ သိရှိထားပြီး ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် NLD ထောက်ခံသူ လူငယ်များဟာ အကြမ်းဖက်သမားများ ဖြစ်လာကြတယ်။ 

အကြမ်းဖက်သမားများဖြစ်လာတဲ့ NLD ထောက်ခံသူများဟာ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး တပ်မတော်ကို တော်လှန်တိုက်ခိုက်တာမျိုး မဟုတ်ဘဲနဲ့ သူတို့ကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူများကို ဒလန်၊ တခြားသော ပါတီအဖွဲ့အစည်းဝင်များကို စစ်ခွေး၊ ဘောမ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ NLD ထောက်ခံသူများဟာ KNU, KIA သောင်းကျန်းသူအဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းသွားတက်ရင်းက မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ်ကို ရောက်ခဲ့ကြရတယ်။ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဘဝကို ရောက်ရှိသွားတဲ့ NLD ထောက်ခံသူ အကြမ်းဖက်သမားများဟာ လူစိတ်ပျောက် ခွေးစိတ်ပေါက်ပြီး သံဃာတော်များ၊ ဆရာ/ဆရာမများကိုပါ ဖမ်းဆီး သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ အဓိကအားဖြင့် Facebook လူမှုကွန်ရက်ကနေပဲ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖြန့်ဝေပြီး ပြည်သူလူထုကြားမှာ အကြောက်တရားများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။

Facebook လူမှုကွန်ရက် ရဲ့ Community Standard ဆိုတာတွေဟာလည်း ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှု မှန်သမျှကို အထိန်းအကွပ်မရှိ ခွင့်ပြုပေးထားပေမယ့် CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ် ဝေဖန်ထောက်ပြ၊ ဆန့်ကျင်ကန့်ကွက်တဲ့ ရေးသား ပြောဆိုမှုများကိုတော့ လူထုကြားကို ပျံ့နှံ့ခွင့် မပေးပါဘူး။ အခုလို အကြမ်းဖက်လှုံ့ဆော်မှုများကိုသာ တစ်ဖက်သတ် ခွင့်ပြုပေးထားတဲ့ Facebook လူမှုကွန်ရက် ပလက်ဖောင်းကို တာဝန်ရှိသူများက ဘာကြောင့် စနစ်တကျ မကိုင်တွယ်တာလဲ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိသူများလို့ ယူဆရတဲ့ ပြည်ထဲရေးဝန်ကြီး နဲ့ ပြန်ကြားရေးဝန်ကြီးကိုပဲ ဦးတည်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများနဲ့ တသားတည်း ရပ်တည်ပြီး ပြည်သူလူထုထံကို နိုင်ငံရေးအဆိပ်သင့်စေမယ့် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုတွေကို ပူးပေါင်းပါဝင် ဖြန့်ဝေပေးခဲ့တဲ့ အနုပညာရှင်ဆိုသူများ(ဆယ်လီများ)ရဲ့ တောင်းဆိုမှုကို ထောက်ထားပြီး ဒီ Facebook ကို ဒီအတိုင်းပဲ ထားတာလား။

အထူးအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ အနုပညာရှင်များကို ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေ မလုပ်ဖို့ အထိုက်အလျောက် ထိန်းသိမ်းပေးနိုင်ခဲ့တဲ့ အပေါ်မှာ အထူးပင်ကျေးဇူးတင်ပါတယ်။  အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့တဲ့ အနုပညာရှင်ဆိုသူများကို အမှုများ ရုပ်သိမ်းပေးသည်အထိ အခွင့်ထူးခံသဘောမျိုး အခွင့်အရေးပေးခဲ့တာတွေကတော့ အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ပြည်သူများရဲ့ တရားမျှတမှု မျှော်လင့်ချက်ကို နည်းနည်းလေးမှ မငဲ့ကွက်ဘဲ လုပ်ဆောင်ခဲ့တဲ့ အပြုသဘောမဆန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော်တာဝန်ရှိသူများက အနုပညာရှင်ဆိုသူများကို နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွတ်ငြိမ်းပြုခဲ့ပေမယ့် သူတို့ရဲ့ ပယောဂကြောင့် အကြမ်းဖက်သမားဖြစ်သွားတဲ့ လူငယ်တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ လွတ်ငြိမ်ပေးခြင်းခံရတဲ့ အနုပညာရှင်ဆိုသူ ဘယ်နှယောက်ကများ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြခဲ့ဖူးပါသလဲ။ နီပိန်း အကြမ်းဖက်သမားများက သူတို့ကို ပစ်မှတ်ထားလာမှာကိုတော့ ကြောက်ကြတယ်မဟုတ်လား။ သူတို့ရဲ့ လှုံ့ဆော်မှုကြောင့် အကြမ်းဖက်သမား ဖြစ်သွားတဲ့ နီပိန်းတွေက သံဃာတော်များ၊ ဆရာ/ဆရာမများ၊ နိုင်ငံဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေအပေါ်မှာတော့ ကန့်ကွက်ရှုတ်ချကြောင်း စာလေးတစ်ကြောင်းတောင် ရေးသားဖော်ပြဝံ့ခြင်း မရှိပါဘူး။

Facebook လူမှုကွန်ရက်ကို အသုံးပြုပြီး ပြည်ဖျက်မိစ္ဆာတွေ မဟာဗျူဟာမြောက် ဖော်ဆောင်ခဲ့တဲ့ အလုံးစုံ ပျက်သုဉ်းရေးလမ်းစဉ်ကြီးရဲ့ အန္တိမရည်မှန်းချက် ပန်းတိုင်ကိုတောင် ရောက်ရှိလုနီးပါး ဖြစ်နေပါပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၇၆၀၀)ကျော် အထိ သတ်ဖြတ်ခဲ့ကြပြီးပြီ။ အစိုးရရုံးဌာနပေါင်းများစွာကို မီးရှို့၊ မိုင်းခွဲ ဖျက်ဆီးခဲ့ကြပြီးပြီ။ လမ်းတံတားပေါင်းများစွာကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြပြီးပြီ။ ဆက်သွယ်ရေးတာဝါတိုင်၊ လျှပ်စစ်တာဝါတိုင်များကို မီးရှို့၊ ဖောက်ခွဲ ဖျက်ဆီးခဲ့တာလည်း နည်းမှ မနည်းတော့ဘဲ။ NLD ပါတီ အာဏာရစဉ်က ဒေါ်စု၊ ဝင်းမြင့် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ အဂတိလိုက်စားမှု ပမာဏထက် ၃နှစ်တာ ကာလအကြမ်းဖက်လှုပ်ရှားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးဟာ ငွေကြေးတစ်ခုတည်း မဟုတ်ဘဲ လူ့အသက်တွေပါ စတေးနေရတာကိုတော့ အလေးအနက်ထားပြီး စဉ်းစားပေးဖို့ ကောင်းပါရဲ့။

နိုင်ငံတော်တာဝန်ရှိသူများဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးထက် တိုင်းပြည်နဲ့ လူမျိုးကို အချိန်နဲ့အမျှ နည်းမျိုးစုံစွာနဲ့ အနုပညာရှင်ဆိုသူ လူတစ်စုအတွက် Facebook ပလက်ဖောင်းကို ဒီအတိုင်းပဲ ခွင့်ပြုပေးထားမယ် ဆိုရင် ပြည်ဖျက်မိစ္ဆာတွေကလည်း ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကို တစ်နေ့တစ်မျိုး မရိုးရလေအောင် လုပ်ဆောင်နေကြမှာပဲ ဖြစ်ပါတယ်။ ရရှိမယ့် အကျိုးရလာဒ်ကတော့ -

(၁) အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုနဲ့အတူ ပြည်တွင်းမှာ ရှိတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့များက ရက်စက်စွာ သတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်နေကြမှာပဲ ဖြစ်ပါတယ်။ ရဟန်းရှင်လူ ပြည်သူများ ထပ်သေပေးရအုံးမယ်။

(၂) ပြည်သူပိုင်အဆောက်အအုံတွေ၊ လမ်းတံတားတွေ ထပ်မံ ဖျက်ဆီးခံရအုံးမယ်။ အကြမ်းဖက်လှုပ်ရှားအတွက် လှုံ့ဆော်မှု အားကောင်းနေမှာ ဖြစ်တဲ့အတွက် အကြမ်းဖက်လုပ်ရပ်တွေလည်း ရပ်တန့်မသွားဘူး။

(၃) ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို ယုံစားပြီး လိုက်ပါလှုံ့ဆော် ဖြန့်ဝေသူများကို စဉ်ဆက်မပြတ် ဖမ်းဆီးထိန်းသိမ်းရမယ်။ ရဲစားပေါက် ရပြီး နိုင်ငံဘဏ္ဍာဆုံးရှုံးစေမယ်။

(၄) အစိုးရနဲ့ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ အထင်လွဲမှုတွေ မြင့်တက်လာလိမ့်မယ်။ နိုင်ငံရေးလုပ်စားနေသော ပြည်ပြေး ဝရမ်းပြေးများနဲ့ ပြည်ဖျက်မိစ္ဆာများအပေါ်မှာ ယုံကြည်ကိုးစားမှုတွေ မြင့်တက်လာလိမ့်မယ်။

(၅) တိုင်းပြည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဟာ ပိုမိုကြန့်ကြာလာပါလိမ့်မယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေဟော အစိုးရတာဝန်ရှိသူတွေ၊ တပ်မတော်အကြီးအကဲတွေကို တိုက်ရိုက် ထိခိုက်မှုမရှိပါဘူး။ လက်နက်မဲ့ ပြည်သူများကိုသာ အသက်ခန္ဓာဆုံးရှုံးရသည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြည်သူများသာ အထိနာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ တသားတည်းရပ်တည်ပြီး ပြည်သူလူထုကို နိုင်ငံရေးမှိုင်းတိုက်ခဲ့တဲ့ အနုပညာရှင်ဆိုသူ လူတစ်စုအတွက် Facebook လူမှုကွန်ရက်ကို ဒီအတိုင်းပဲ သုံးစွဲခွင့် ပြုထားပေးခြင်းဟာ တစ်နည်းအားဖြင့် ပြည်သူလူထုကို သေတွင်းထဲ တွန်းပို့သည့်အထဲ အလိုတူ အလိုပါ လုပ်ဆောင်နေခြင်းမျိုး သက်ရောက်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို စိတ်ထင်တိုင်း သတ်ဖြတ်ခွင့် ရနေတယ်ဆိုတာ ပျော့ကွက်၊ ဟာကွက်တွေ ရှိနေလို့ပေါ့။ တစ်နည်းအားဖြင့် ထိန်းချုပ်မှု ကင်းမဲ့နေခြင်းကြောင့်၊ တာဝန်ယူမှု တာဝန်ခံမှု နည်းပါးလွန်းခြင်းကြောင့် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို စိတ်ထင်တိုင်း ဖမ်းဆီးသတ်ဖြတ်ခွင့်ရနေခြင်း ဖြစ်ပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း)မှာ မဟာမိတ်သုံးဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ပွဲများဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာဆိုရင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF, KIA, KNDF, CDF, KNPP, KNU အကြမ်းဖက်အဖွဲ့များ အားလုံးက မြို့သိမ်းတိုက်ပွဲများလို့ ကြွေးကြော်ပြီး မြို့ရွာတွေကို ဖျက်ဆီးနေလိုက်တာ သံစုံတီးဝိုင်းပမာ စစ်မျက်နှာပေါင်းစုံက အရှိန်အဟုန်နဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ မြို့ရွာတွေ ပျက်စီးခဲ့ရသလို အပြစ်မဲ့ ပြည်သူပေါင်းများစွာလည်း စစ်ဘေး စစ်ဒဏ်ကို ခံနေကြရပါတယ်။

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များမှာတော့ ငဲ့ညှာထောက်ထားမှု များစွာနဲ့ အကြမ်းဖက်အဖွဲ့တွေအပေါ်မှာလည်း ပြတ်သားမှုမရှိဘူး။ ပြည်ဖျက်မိစ္ဆာတွေနဲ့ တသားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်ဆိုသူ အခွင့်ထူးခံ လူတန်းစားကိုလည်း စပါယ်ရှယ် အခွင့်အရေးပေးချင်သေးတယ်။ နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ ရက်စက်ယုတ်မာခြင်းကို ခါးစည်းခံနေရတဲ့ ပြည်သူများကိုတော့ နည်းနည်းလေးမှ ငဲ့စောင်းကြည့်ရကောင်းမှန်း မသိကြတော့ဘူးလား။

ယနေ့ နစကအစိုးရ တာဝန်ရှိသူများက အကြမ်းဖက်အဖွဲ့အစည်းများ၊ နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီများ အပေါ်မှာ အလွန်အမင်း စာနာငဲ့ညှာ ထောက်ထားမှုတွေ တွေ့ခဲ့ရပါတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို သိမြင်နားလည်ပြီး နစကအစိုးရဘက်ကနေ ရပ်တည်ပေးနေတဲ့ ရဟန်းရှင်လူ ပြည်သူများအတွက် အနည်းငယ်မျှ ငဲ့စောင်းကြည့်ပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ပြတ်သားစွာ လုပ်ဆောင်ပေးနိုင်မလား လို့ မေးခွန်းထုတ်လိုက်ပါရစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)