ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သတင်းတု သတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေး




MNP ၊ ဒီဇင်ဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတင်းတုသတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။


တွေ့ဆုံပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဘားအံ တက္ကသိုလ်နှင့် ပညာရေးဒီဂရီ ကောလိပ်တို့မှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။


ဦးစွာမီဒီယာအဆိပ်သင့်မှု အန္တရာယ်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်းကဏ္ဍ၊ ရှေ့သို့ချီမည်ပန်းတိုင်ဆီ စသည့်ဗီဒီယိုကလစ်တို့ကို ပြသသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာကြီးများက သတင်းတုသတင်းမှားများလွှင့်ထုတ်ကာ ပြည်သူမျာအား အသိအမြင်လွဲမှားအောင် ဆောင်ရွက်နေကြပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များကို သတင်းတု သတင်းမှားများ လွှင့်ထုတ်ကာ ပြည်သူများ အထင် အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ဟု ပြောလိုပါကြောင်း၊ အဆိုပါလူမှုကွန်ရက် မီဒီယာများပေါ်မှ လွှင့်တင်ဖော်ပြ ချက်များကို အမှန်/အမှား ခွဲခြားဝေဖန်ပိုင်းခြားကာ ရှုမြင်သုံးသပ် နေကြရန် လိုအပ်ပါကြောင်း။


အားလုံးသိကြသည့်အတိုင်း အကြမ်းဖက်သမားများက တိုင်းဒေသကြီး/ ပြည်နယ်အချို့၌ အပြစ်မဲ့ပြည်သူများကို မင်းမဲ့စရိုက်ဆန်စွာ အနိုင်ကျင့်သတ် ဖြတ်တိုက်ခိုက်မှုများ၊ ပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အအုံ များအား ဖောက်ခွဲဖျက်ဆီးမှုများ ကို လုပ်ဆောင်နေသည့်အတွက် နိုင်ငံအတွက်ရော ပြည်သူများအတွက်ပါ လွန်စွာနစ်နာလျက် ရှိပါကြောင်း၊ ယင်းအကြမ်းဖက် သမားများ၏ လုပ်ရပ်များအပေါ် ပြည်သူများအနေဖြင့် ဆန့်ကျင်ရှုတ်ချကာ ဝိုင်းဝန်းကာကွယ် တားဆီးပေးရန် တိုက်တွန်းလို ပါကြောင်း။


အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့က ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်၍ စစ်ပွဲများဖန်တီးတိုက်ခိုက်နေကြသဖြင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာလျက်ရှိသလို နိုင်ငံတော်၏ပုံရိပ်ကိုလည်း ထိခိုက်ပျက်ပြားလျက်ရှိပါကြောင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော စစ်ပွဲများကို အကြောင်းပြု၍ မသမာသူအဖျက်သမားများက မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားအောင် သတင်းတု၊ သတင်းမှားများ လွှင့်ထုတ်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကိစ္စများကို ပူးပေါင်းဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ နယ်မြေဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံသည် တည်ငြိမ်အေးချမ်းရေးပင် ဖြစ်သည့်အတွက် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းအောင် ကူညီ ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံ ရေး၊ လူမျိုးရေးအစွန်းရောက် တွေးခေါ်မှုများကြောင့် ပဋိပက္ခများမဖြစ်ပွားစေရန် ဝိုင်းဝန်းထိန်းသိမ်းပေးကြပါဟု ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သတင်းမှားများတိုက်ဖျက်ရေးနှင့် သတင်းများ မှန်ကန်စွာစီးဆင်း နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ်အစိုးရ အဖွဲ့အတွက် DTH (၆) စုံနှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB T2 Set Top Box အလုံး ၆၀၀ ကို လှူဒါန်းရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်က လည်းကောင်း၊ ကရင်ပြည်နယ် တပ်နယ် မိသားစုများအတွက် DTH (၄) စုံနှင့် DVB T 2 Set Top Box အလုံး ၄၀၀ ကို လှူဒါန်းရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း လက်ခံရယူကြသည်။ ဆက်လက်၍ ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့က ဒုံးအကဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေများပေးအပ်သည်။


ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးရှိ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ကိုလည်းကောင်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘားအံရှိ စာအုပ်သိုလှောင်ခန်း၊ ကွန်ပျူတာခန်းမ၊ အစည်းအဝေးခန်းမတို့ကို ကြည့်ရှုပြီး ဝန်ထမ်းများအား တွေ့ဆုံစဉ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများကို ပြောင်းလဲလာသည့် ခေတ်စနစ်အခြေအနေနှင့် လျော်ညီစွာပြောင်းလဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သမားရိုးကျ မီဒီယာလုပ်ငန်းများမှ New Media ဟုခေါ်သည့် မီဒီယာပုံစံသစ်များကို တတ်ကျွမ်းနားလည်အောင်လုပ်ပြီး မိမိတို့လုပ်ငန်းများကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် သတင်းအချက်အလက် နည်းပညာရပ်များကို ဉာဏ်ရည်တုနည်းပညာအသုံးချ၍ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေချိန်တွင် မိမိတို့ဝန်ထမ်းများက ပေါ့ပေါ့လျော့လျော့ တွေးခေါ်လုပ်ကိုင်ဆောင်ရွက်နေ၍မရဘဲ ပြောင်းလဲဆန်းသစ် တီထွင်လုပ်ကိုင်နေရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်များအား အသိပညာမှန်ကန်ပြီး အရည်အသွေးပြည့်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အားထုတ်ကြိုးပမ်း ပေးရန်လိုကြောင်း။


ကရင်ပြည်နယ်အစိုးရအဖွဲ့က မိမိတို့ရုံးအား လူထုအခြေပြုဗဟို ဌာနအဆောက်အအုံ တစ်ခုကို စီစဉ်တည်ဆောက်၍ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ကူညီပံ့ပိုးပေးထားသည်ကိုတွေ့မြင်ရ၍ လွန်စွာကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ပြည်သူများ စာအုပ်စာစောင်ဖတ်ရှုလေ့လာနိုင်ရေးနှင့် အသိပညာမြင့်မားလာစေရေးအတွက် စာကြည့်တိုက်များဖွင့်လှစ်ပေးရုံဖြင့်မရဘဲ ပြည်သူများ စာအုပ်စာစောင်များကို လက်လှမ်းတမီငှားရမ်းဖတ်ရှုနိုင်ရန် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးကြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်၍ ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချတိုက်ဖျက်ကြရေး မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြပါဟု ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ (ဘားအံ) ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)