အဂတိလိုက်စားမှုနှင့် မျိုးဆက်သစ်တို့အတွက် ဆိုးမွေများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုနှင့် မျိုးဆက်သစ်တို့အတွက် ဆိုးမွေများ


ဇင်ငြိမ်း

ဝိသမလောဘ

အဂတိလိုက်စားမှုသည် လူ့သဘာဝအရဖြစ်တတ်သည့် အကျင့်စရိုက်ဆိုး တစ်ခုဖြစ်ပါသည်။ ထိုအကျင့်စရိုက် ဆိုးသည် ဝိသမလောဘကိုအခြေခံပါသည်။ လောဘဆိုသည်မှာ လိုချင်တပ်မက်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် လောဘအနည်းနှင့်အများ ရှိတတ်ကြသည်။ သို့သော် အတ္တကြီးသူတို့သည် ထိုလောဘနောက်သို့ လိုက်ရင်းသောက်လေသောက်လေ ငတ်မပြေသကဲ့သို့ လောဘတဏှာကျွန်ဖြစ်လာ ကြပါသည်။

လောဘတဏှာကျွန် ဖြစ်လာသည့်အခါ အမှား/အမှန်၊ သင့်/မသင့် ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်မရှိတော့ဘဲ မျက်တောင်မွေးတစ်ဆုံးသာ ကြည့်တတ်ကြပါသည်။ လူ့အဖွဲ့အစည်းဆိုသည်က အများနှင့် စုပေါင်းနေထိုင်လုပ်ကိုင်ကြသည့်အတွက် မိမိတစ်ကိုယ်စာ အမြင်ကျဉ်းကျဉ်းဖြင့် ရပ်တည်၍မရနိုင်ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲပြုရင်း သူ့အကျိုး၊ ကိုယ့်အကျိုးအပြန်အလှန် သယ်ပိုးကြရပါသည်။ ယင်းမှာလူ့စည်းပင်ဖြစ်ပါသည်။ သို့သော်လည်း အချို့သောသူတို့သည် ဝိသမလောဘ လွန်ကဲစွာဖြင့် စည်းစောင့်ထိန်းမှုမရှိတော့ဘဲ အဂတိလိုက်စားနေကြပါသည်။

ဝိသမလောဘဆိုသည်မှာ ဝိသမလောဘာ ဘိဘူတာ၊ ဝိသမလောဘ သူတစ်ပါးထံကနေ မတရားသဖြင့် လိုသည်ထက်ပိုပြီး အလွန်အကျွံလောဘ ရမ္မက်ကြီးစွာ ရယူလိုချင်တဲ့လောဘ ဟုဆိုပါသည်။ မြန်မာအဘိဓာန်တွင် ဝိသမလောဘအား မတရားသော၊ လွန်ကဲသောလောဘ (ပါ၊ ဝိသမ လောဘ)ဟု ဖွင့်ဆိုပါသည်။ သမလောဘ၏ ဆန့်ကျင်ဘက်မှာ ဝိသမလောဘဖြစ်ပါသည်။ ဝိသမလောဘနှင့်ပတ်သက်၍ အင်္ဂုတ္တရနိကာယ် တိကနိပါတ် ပလောကသုတ်တွင် လူများ၏ မတရားအဓမ္မလောဘနှင့် တပ်မက်မှုတွေကြောင့် မြို့၊ ရွာများ ပျက်စီးခြင်းရောက်ရပုံကို မြတ်စွာဘုရားက ဟောကြားထားပါသည်။ လူများတွင် ဝိသမလောဘများအတိုင်းအဆမဲ့ ကြီးမားလာသည့်အခါတွင် ဥပဒေ၊ ကျင့်ဝတ်၊ ကိုယ်ချင်းစာ တရား၊ စာရိတ္တနှင့် အရှက်အကြောက်တို့ ကင်းမဲ့လာပြီး အဂတိလိုက်စားမှုများ ကျူးလွန်လာကြပါသည်။


အဂတိလိုက်စားမှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် အဂတိလိုက်စားမှုအား ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပါ သည်။ ယင်းဖွင့်ဆိုချက်တွင် “မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သောအခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အားပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့်ပြုလုပ်ခြင်း”နှင့် “မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင်ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက်နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေခြင်း”တို့ ပါဝင်ပါသည်။

အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အယူအဆများစွာရှိသော်လည်း အဓိကဆိုလိုရင်းမှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ့အာဏာအား အလွဲသုံးစားပြုလုပ်ခြင်းဟု ကမ္ဘာ့ဘဏ်က ဆိုပါသည်။


အရင်းခံအကြောင်းတရားများ

အဂတိလိုက်စားမှုများသည် အများပြည်သူဆိုင်ရာ သို့မဟုတ် ပုဂ္ဂလိကဆိုင်ရာ မည်သည့်နယ်ပယ်၊ မည်သည့်ကဏ္ဍ၊ မည်သည့်အဆင့်အတန်းတွင်မဆို ဖြစ်နိုင်ပါသည်။ အဂတိလိုက်စားသူများသည် ဥပဒေချိုးဖောက်၍လည်းကောင်း၊ ကျင့်ဝတ်ချိုးဖောက်၍လည်းကောင်း ကျူးလွန်ကြပါသည်။ ထိုအခါ အဂတိလိုက်စားမှုများသည် ကင်ဆာရောဂါပမာ လူ့အဖွဲ့အစည်းအတွင်း အမြစ်စွဲလာပြီး တဖြည်းဖြည်းနှင့် အကျင့်ပျက်စရိုက်တစ်ခုအဖြစ် ကျယ်ပြန့်လာပါသည်။ ထိုအဂတိ လိုက်စားမှုများ၊ အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်လာခြင်း၊ အမြစ်စွဲကျယ်ပြန့်လာခြင်းနှင့် ၎င်း၏အကျိုးဆက်များ ခံစားလာရခြင်းများတွင် အရင်းခံအကြောင်းတရားများ များစွာရှိပါသည်။

အဂတိလိုက်စားမှုသည် လူ၏လောဘကို အခြေခံသည်ဆိုသော်လည်း အဂတိလိုက်စားမှုဖြစ်စေသည့် တစ်ဦး ချင်း၏ နောက်ခံအခြေအနေများရှိကြပါသည်။ အချို့သည့် ငွေကြေး၊ ရာထူး၊ ဂုဏ်၊ အောင်မြင်မှုများ ပြည့်စုံနေသည့်တိုင် ၎င်းတို့ကိုယ်တိုင်၏ အဆုံးမသတ် နိုင်သောဝိသမလောဘနှင့် ပတ်ဝန်းကျင် အခြေအနေပေးမှုတို့ကြောင့် ဖြစ်ပါသည်။ အချို့မှာ ၎င်းတို့၏ဘဝ အသက်ရှင်ရပ်တည်ရန် လုံလောက်မှုမရှိခြင်းနှင့် အဂတိလိုက်စားရန် ပတ်ဝန်းကျင်အခြေအနေပေးခြင်းတို့ကြောင့် အဂတိ လိုက်စားမှု ကျူးလွန်ကြပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း အသိပညာ၊ စဉ်းစားဆင်ခြင်တုံတရား၊ လူမှုကျင့်ဝတ်၊ ကိုယ်ချင်းစာစိတ်၊ ယဉ်ကျေးမှုစသည်တို့ လျော့နည်းလာသည့်အခါ အဂတိလိုက်စားမှုကဲ့သို့သော အကျင့်ပျက်မှုများ ဖြစ်ပွားစေနိုင်ပါသည်။

အများနှင့်ဆိုင်သော အကြောင်းတရားများတွင် ဗဟိုချုပ်ကိုင်မှုများခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်အားနည်းမှု၊ ရှုပ်ထွေးသောလုပ်ထုံးလုပ်နည်းများ၊ စီးပွားရေးလွတ်လပ်မှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ တာဝန်ယူတာဝန်ခံမှုမရှိခြင်း၊ အပြန်အလှန်ထိန်းကျောင်းမှုမရှိခြင်း၊ ဝန်ထမ်းများ၏ လုပ်ခလစာမလုံလောက်မှု၊ သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ယဉ်ကျေးမှုဓလေ့ စရိုက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မူဝါဒနှင့်အကောင်အထည်ဖော်မှု အားနည်းခြင်း၊ ဒီမိုကရေစီအလေ့အကျင့်များနှင့် လူထု၏ ပူးပေါင်းလုပ်ဆောင်မှုအားနည်းခြင်း၊ ယှဉ်ပြိုင်မှုအားနည်းခြင်း၊ ဆင်းရဲမွဲတေမှုများ၊ ပညာရေးအားနည်းခြင်း၊ နိုင်ငံရေးမတည်ငြိမ်မှုကဲ့သို့သော အကြောင်းရင်းများတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နေတတ်ပါသည်။ အထက်ပါအကြောင်းရင်းများကို အခြေခံ၍ အဂတိလိုက်စားမှုများသည် အသေး၊ အကြီး၊ အတိမ်အနက်နှင့် ကျယ်ပြန့်မှုများ ကွာခြားသွားကြပါသည်။ အဂတိလိုက်စားမှု ကြီးထွားလာသည်နှင့် ဖြစ်ပေါ်လာသည့် ရေတို၊ ရေရှည် အကျိုးဆက်များလည်း ကြီးမားကြပါသည်။


ဆုံးရှုံးမှုကြီးမား

ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများကြောင့် ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆုံးရှုံးနစ်နာမှုများမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၆ ထရီလီယံရှိကြောင်း ကုလသမဂ္ဂက ဆိုပါသည်။ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီမှာ လာဘ်ပေးရမှုမှာ နှစ်စဉ်ခန့်မှန်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရှိကြောင်း သိရပါသည်။ အဂတိလိုက်စားမှုများကြောင့် ဆုံးရှုံးနစ်နာရသည့် ငွေကြေးများအနက် အများပြည်သူဆိုင်ရာ ဘဏ္ဍာငွေများလည်း ပါဝင်နေရာ ယင်းဆုံးရှုံးမှုသည် ငွေကြေး တစ်ခုတည်းတွင်သာ ဆုံးရှုံးရသည် မဟုတ်ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများ၏ တိုးတက်မှုကိုလည်း ထိခိုက်စေပါသည်။ အဂတိလိုက်စားမှုကြောင့် တိုက်ရိုက် ဆုံးရှုံးနစ်နာမှုများအပြင် သွက်ဝိုက်၍လည်း ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပါသည်။

အဂတိလိုက်စားမှုများကြောင့် စီးပွားရေးအခွင့်အလမ်းများ လျော့နည်းခြင်း၊ ယုံကြည်မှုမရှိခြင်း၊ အချိန်ကြန့်ကြာခြင်း၊ အရည်အသွေးမပြည့်ဝခြင်းကဲ့သို့သော နောက်ဆက်တွဲ အကျိုးဆက်များသည် ပြည်သူလူထု၏ အကျိုးစီးပွားများကို ရေရှည်ထိခိုက်စေလျက်ရှိပါသည်။


ရေရှည်ထိခိုက်ဆုံးရှုံးမှု

အဂတိလိုက်စားမှုကြောင့် ရေတိုဆိုးကျိုးများအပြင် ရေရှည်ဆိုးကျိုးများ လည်းဖြစ်ပေါ်စေပါသည်။ လူ့အဖွဲ့ အစည်းအတွင်း အဂတိလိုက်စားမှု အမြစ်စွဲနေခြင်းများကြောင့် အနာဂတ် မျိုးဆက်သစ်များအတွက် ဆိုးမွေများကိုဖြစ်ပေါ်စေပါသည်။ ယင်းဆိုးမွေများတွင် ဥပဒေလေးစားလိုက်နာမှု၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်းမှု၊ နိုင်ငံချစ်စိတ်ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာအရည်အသွေးများကို ကျဆင်းစေပါသည်။ အလားတူပင်နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဲ့သို့သော ကဏ္ဍများတွင် အဂတိလိုက်စားမှုများကြောင့် ယင်းကဏ္ဍများ၏ စွမ်းဆောင်ရည်များ ကျဆင်းလာသည့်အတွက် ပညာရေး အရည်အသွေးကျဆင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းခြင်း၊ လူမှုရေးစံနှုန်းများ ကျဆင်းခြင်းကဲ့သို့သော ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

မိမိတို့ပတ်ဝန်းကျင်တွင် အဂတိလိုက်စားသည့် အကျင့်စရိုက်များ အမြစ်တွယ်လာပါက တစ်ဦးချင်းအဆင့်မှ အစုလိုက်၊ အဖွဲ့လိုက်အထိ ကျူးလွန်လာကြမည်ဖြစ်ပါသည်။ အဂတိလိုက်စားနေသည့် လူ့အဖွဲ့အစည်းသည် ခြစားနေသည့် နေအိမ်နှင့်တူပါသည်။ ခြစားနေသည့်အိမ်သည် ကြာလေပျက်လေသာ ဖြစ်ပါလိမ့်မည်။ ခြကောင်ကဲ့သို့ပင် အဂတိလိုက်စားသူများသည် လူ့အဖွဲ့အစည်းအား လှိုက်စားခြင်းဖြစ်ရာ ၎င်းတို့သည် ဥပဒေလေးစားလိုက်နာမှု၊ ကျင့်ဝတ်စောင့်ထိန်းမှု၊ ကိုယ်ချင်းစာတရား၊ အရှက်၊ သိက္ခာတို့ ရှိမည်မဟုတ်ချေ။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားရရှိရေးကိုသာ ဦးထိပ်ထားသူများဖြစ်သဖြင့် ဘနဖူးသိုက်တူးရန် ဝန်လေးနေမည်မဟုတ်ပါ။


ကောင်းမွေများ လက်ဆင့်ကမ်း

ထိုသို့သော အဂတိလိုက်စားမှုများကြောင့် မျိုးဆက်သစ်လူငယ်တို့သည်ဖြစ်လာသည့် ဆိုးကျိုးများကို ခံစားကြရသည့်အပြင် အကျင့်ပျက်မှုစရိုက်ဆိုး မွေများနှင့်လည်း ရင်ဆိုင်ကြရပါသည်။ ပုံပြင်ထဲမှ ကျေးညီနောင်ကဲ့သို့ပင် ဖြစ်ပါသည်။ သူခိုးဓားပြများထံ ရောက်သွားသည့် ကျေးသည် သူခိုးဓားပြအကျင့် စရိုက်များကိုရရှိပြီး၊ ရသေ့ကျောင်းသင်ခန်းသို့ ရောက်သွားသည့် ကျန်ကျေးတစ်ကောင်သည် သူတော်ကောင်းအပြုအမူများရရှိပါသည်။ လူ့အဖွဲ့အစည်းဆိုသည်က မျိုးဆက်တစ်ခုနှင့်တစ်ခု ကောင်းမွေဆိုးမွေများ ဆက်လက်ကမ်းတတ်ကြပါသည်။ အတုမြင် အတတ်သင်ကြပါသည်။ ဓလေ့စရိုက်တစ်ခုပမာ အမြစ်စွဲနေသည့် အကျင့်ပျက်စရိုက်ဆိုးများသည် မျိုးဆက်သစ်တို့အတွက် အမှားသရုပ်ပြမှုများဖြစ်ကြသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးဆိုသည့် စကားသည် အလုံးစုံမမှန်ကန်နိုင်သော်လည်း လူ့သဘာဝအရအတုမြင်အတတ်သင် တတ်ကြသဖြင့် လူငယ်တို့၏ အကျင့်စာရိတ္တမဏ္ဍိုင်ကို ပျက်ပြားစေနိုင်ပါသည်။

သို့ဖြစ်ရာ အဂတိလိုက်စားမှုများတိုက်ဖျက်ရေးသည် တစ်ဦးတစ်ယောက်ချင်းမှ နိုင်ငံတော်အဆင့်အထိ လက်တွဲဖြေရှင်းကြရမည့် ပြဿနာဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းသည် ရောဂါကုသခြင်းကဲ့သို့ဖြစ်ပါသည်။ ရောဂါပျောက်ကင်းစေရန် လတ်တလောရောဂါလက္ခဏာများကို ကုသရသည့်အပြင် ရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများကိုလည်း ကုသရမည်ဖြစ်ပါသည်။ သို့မှသာ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေမည်ဖြစ်ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည်လည်း အလားတူပင်ဖြစ်ပါသည်။ ထိုပြဿနာအား အမြစ်ပြတ်အောင် ကုသမှသာနိုင်ငံတည်ဆောက်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်တို့အတွက် အမွေကောင်းများ လက်ဆင့် ကမ်းနိုင်မည်ဖြစ်ပါသည်။ ။


(ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)