MNP ၊ ဒီဇင်ဘာ ၂၁
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B) ၌ စည်ကားသိုက်မြိုက်စွာ စတင် ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးကြသည်။
ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲမစတင်မီ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် အနုပညာရှင်များက “ထာဝရသစ္စာ”၊ “လူငယ်ဆိုတာ” တေး သီချင်းများနှင့် ပရိသတ်အကြိုက် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် MRTV-4 ရုပ်သံ လိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲသရုပ်ဆောင် များက စာပေနှင့် အနုပညာဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူငယ်နှင့် စာပေအနုပညာ ဆက်စပ်မှုရှိပုံ၊ အသက်အရွယ် အပိုင်းအခြားအလိုက် စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ လူငယ်ဘဝတွင် နေထိုင်ပြုမူရမည့် အမူအကျင့်များနှင့် တွေ့ကြုံရမည့် အခက်အခဲများ၊ မိမိတို့ ဝါသနာပါရာ အတတ်ပညာကို တစိုက်မတ်မတ် ဇွဲရှိရှိကြိုးစားပါက အောင်မြင်မှု ရရှိနိုင်ကြောင်း တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် လူငယ်စကား ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်း သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးကြသူများက လူငယ်များ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများကို ထပ်ဆင့်မျှဝေပေးခဲ့ ကြသည်။
အလားတူ ဒီဇင်ဘာ ၂၁ ရက် တွင် “လူငယ်နှင့် အကောင်းမြင်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် “လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဆက်သစ်
https://t.me/MyanmarNationalPost
No comments:
Post a Comment