မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်



MNP ၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲတွင် မကွေးမြသလွန်စေတီတော်ရှိ မဟာဝိဇယရံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ မြသလွန်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တစိန္တာသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် ဧည့်ပရိတ်သတ်များက မကွေးမြို့၊ သံဃာရာမကျောင်းတိုက်ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ၊ မြသလွန်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာကဏ္ဍိတဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် မကွေးမြို့၊ ရတနာသိဒ္ဒိကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒိသေနက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဆယ်ရက်တိုင်တိုင် ဆရာတော်၊ သံဃာတော်များက အလှည့်ကျ ရွတ်ဖတ်ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


အောင်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)