မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်



MNP ၊ ဒီဇင်ဘာ ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစာရင်းအင်းအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတာဝန်ခံများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက Video Conferencing ဖြင့် Online မှ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ်ပါကြောင်း။


ယခု စစ်တမ်းကောက်ယူသွားမည့် ဝန်ထမ်းများအနေဖြင့် အတွေ့အကြုံရှိပြီး ဖြစ်သူများပါဝင်သကဲ့သို့ ယခုမှ စတင်ကောက်ယူမည့်သူများလည်း ပါဝင်သည့်အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သေချာလေ့လာသင်ယူပြီး အရည်အသွေးပြည့်ဝသော၊ ကိုးကားနိုင်သော ခရီးသွားလုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ တွေ့ရှိချက်များရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး တိကျခိုင်မာသော စာရင်းအင်းအချက်အလက်များ ထုတ်ပြန်ကာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် တိကျမှန်ကန်သည့် မူဝါဒ၊ ပန်းတိုင်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။


အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူ မှုအစီအစဉ်အရ ပြည်တွင်းခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)