စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ စစ်ဆေးတွေ့ရှိရရင် စိစစ်အရေးယူမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေ စစ်ဆေးတွေ့ရှိရရင် စိစစ်အရေးယူမည်ဟုဆို



MNP ၊ ဒီဇင်ဘာ ၁၀

စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေစစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ် ဟု စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော် က ပြောကြားခဲ့သည်။

ခရီးသွားရာသီဖြစ်သည့် ဒီဇင်ဘာလတွင် စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်း များကြောင့် အများပြည်သူစိုးရိမ်ပူပန်မှုမြင့်တက်ကာ စက်သုံးဆီဝယ်ယူမှု ပိုမိုများပြားခဲ့သည်။ လိုသည်ထက်ပို၍ ဝယ်လိုအားများပြားခဲ့ခြင်းကြောင့် တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးမှုအခြေအနေနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသန်းဇော် က မီဒီယာများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။


မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးသန်းဇော် က "အခုလတ်တလောမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီး/ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေတာတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ မကြာမီစက်သုံးဆီပြတ်လပ်တော့မယ်၊ ဈေးတွေလည်းတက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ လတ်တလောလူမှုကွန်ရက်က မဟုတ်မမှန်သတင်းတွေကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ပြီး ပုံမှန်သုံးစွဲမှုပမာဏထက် ကျော်လွန်ဝယ်ယူနေတာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ သုံးစွဲသူတချို့ကလည်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ အခေါက်ခေါက်ထုတ်ယူသိုလှောင်ပြီး တစ်ဆင့်ပြန်လည် အမြတ်တင်ရောင်းချနေတာမျိုး တွေလည်းရှိတယ်လို့ ကြားသိရပါတယ်။ ဒါ့အပြင် CNG Taxi တွေကလည်း စက်သုံးဆီကိုမလိုအပ်ဘဲ အခြားနည်းအသုံးပြုဖို့ ဝယ်ယူနေကြတယ်လို့ ကြားသိရတဲ့အတွက် CNG Taxi တွေကို စက်သုံးဆီလုံးဝမရောင်းဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဓိကမြို့ကြီးတွေရဲ့ အရောင်းဆိုင်အချို့မှာ ယာဉ်တွေ တန်းစီဝယ်ယူမှုများပြားနေရတဲ့ နောက်ထပ်အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့သွားလာရာလမ်းကြောင်းအရလည်းကောင်း၊ လိုအပ်တဲ့အချိန်နဲ့ ပမာဏအရလည်းကောင်း နီးစပ်ရာလမ်းကြောင်း သင့်တဲ့ဆိုင်တွေ၊ Brand, Incentive, Service ကောင်းတဲ့ ဆိုင်တွေမှာပဲ အဓိကတန်းစီ ဝယ်ယူလိုကြတာကြောင့်လည်းဖြစ်ပါတယ်။ ဒီအပြင် ပွင့်လင်းရာသီမှာ ခရီးသွားလာမှုတွေ၊ မီးစက်သုံးစွဲမှုတွေများပြားလာတာကြောင့် ဝယ်ယူမှုမြင့်တက်လာရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။" ဟု ပြောသည်။


စက်သုံးဆီ ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပတ်သက်၍ ဦးသန်းဇော် က "ဒီလိုအခြေအနေတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ ရှစ်ရက်တာကာလအတွင်း 92 Ron ဂါလန် ၆သန်း ၇ သိန်းနီးပါး၊ 95 Ron ဂါလန် ၁ သန်း ၇ သိန်းခန့်၊ HSD ဂါလန် ၆ သန်းကျော်၊ PD ဂါလန် ၇ သန်း ၁ သိန်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ တစ်ရက်ပျမ်းမျှအနေနဲ့ 92 Ron ဂါလန် ၈ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၂သိန်း၁သောင်းကျော်၊ HSD ဂါလန် ၇ သိန်း ၅ သောင်းကျော်၊ PD ဂါလန် ၈ သိန်း၉သောင်းကျော် ဖြန့်ဖြူးပေးခဲ့ရပါတယ်။ အထူးသဖြင့် အခုရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ လိုင်စင်ရအရောင်းဆိုင်တွေကို ယခင်ဖြန့်ဖြူးပေးနေတဲ့ ပမာဏထက် 92 Ron ဂါလန် ၂ သိန်း ၃ သောင်းကျော်၊ 95 Ron ဂါလန် ၁ သိန်း ၂ သောင်း ကျော်၊ HSD ဂါလန် ၁ သိန်း ၃ သောင်းကျော်နဲ့ PD ဂါလန် ၂ သိန်း ၄ သောင်းကျော် ပိုမိုဖြန့်ဖြူးပေး ခဲ့ရတာဖြစ်ပါတယ်။ စက်သုံးဆီ ပုံမှန်ဝယ်ယူသုံးစွဲမှုပမာဏထက် ပိုမိုဖြန့်ဖြူးပေးနေပေမယ့်လည်း အခုရက်ပိုင်းမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေအပြင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်တွေက စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ကားတွေ၊ ဆိုင်ကယ်တွေအများကြီး တန်းစီဝယ်ယူနေကြတာကြောင့် ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်ကျော်လွန်တဲ့ အရောင်းဆိုင်အချို့မှာ ဆီဖြည့်တင်းဖို့ထွက်ခွာလာတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရတဲ့ အခြေအနေမျိုးတွေရှိပေမယ့် အချိန်မီဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။"ဟု ပြောသည်။


ဦးသန်းဇော် က "ကျွန်တော့်အနေနဲ့ ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက်ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာ၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုး မပြုကြဖို့နဲ့ မိမိတို့လိုအပ်သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူသုံးစွဲကြပါလို့ ပြောလိုပါတယ်။ ဒီလိုတရားမဝင်သိုလှောင်ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန်စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။" ဟု ပြောကြားသွားခဲ့သည်။


ပြည်တွင်းစက်သုံးဆီရောင်းဈေးအတက်/အကျက ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မှာမူတည်ပြီး အပြောင်းအလဲဖြစ်ပေါ်တာဖြစ်ကြောင်း၊ အခုအပတ်မှာဆိုရင် ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းက ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကျဆင်းမှုကြောင့် အရင်အပတ်ထက်စာရင် တစ်လီတာအပေါ် ဓာတ်ဆီ 92 Ron က ၄၅ မှ ၅၀ကျပ်အထိ၊ 95 Ron က ၆၅ မှ ၇၀ကျပ်အထိ၊ HSD (50 ppm) နဲ့ HSD (10 ppm)က ၃၅မှ ၄၀ကျပ်အထိ ကျဆင်းခဲ့ပါတယ်။ HSD(500 ppm)ကသာ တစ်လီတာကို ငါးကျပ် မြင့်တက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံတွင်းကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်စေရေးနဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ရေလုပ်ငန်းတွေမှာ အဓိကသုံးစွဲတဲ့ ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်း သက်သာစွာနဲ့သုံးစွဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းတွေအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ဓာတ်ဆီကစင်ကာပူ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ထက် များစွာလျော့နည်းသက်သာနေပြီး ဒီဇယ်ဆိုရင် စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့ထက် များစွာလျော့နည်းသက်သာနေတာကို နှိုင်းယှဉ်တွေ့ရှိရမှာ ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။


ဦးသန်းဇော် ၏ ရှင်းလင်းပြောကြားချက်တွင် "အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေအပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြဖို့ အသိပေးလိုပါတယ်။ ဒါမှသာအခုလို အရောင်းဆိုင်တွေမှာ ကားတွေတန်းစီပြီးဝယ်ယူရတဲ့အတွက် ကုန်ဆုံးရတဲ့အချိန်တွေ သက်သာမှာဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေးလိုတာ က ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှ ဤဥပဒေအရလိုင်စင် ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားတဲ့အတွက် စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေစစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်းချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆိုလိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီတွေကို အများပြည်သူကြားမှာ လိုင်စင်မဲ့ရောင်းချတာက မီးဘေးအန္တရာယ်အထူး စိုးရိမ်ရတာကြောင့် အများပြည်သူအနေနဲ့ သက်ဆိုင်ရာဌာနတွေကို သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။" ဟု ဖြေကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)