ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့်တွေ့ဆုံ


MNP ၊ ဒီဇင်ဘာ ၆

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယမန်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ စာရင်းကောက်အဖွဲ့ ၅၈၀၀ ကျော်က e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ၂ ဒသမ ၁ သန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် တစ်သန်းခန့်၊ စုစုပေါင်း ၃ ဒသမ ၁ သန်းကျော် ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်းအချက်အလက်များကို ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက် တိုက်ဆိုင်ပြင်ဆင် ဖြည့်သွင်းအတည်ပြုခြင်းလုပ်ငန်းဆောင်ရွက်ရန် အနည်းငယ်ကျန်ရှိနေသည့်အတွက် အချိန်မီပြီးစီးနိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်ပြားမရှိသေးသူများ၊ အလွတ်ပုံစံဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စုများနှင့် အခြားဒေသမှ ရွှေ့ပြောင်းရောက်ရှိ နေထိုင်သူများအတွက် အမှန်တကယ် အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့်(၅)ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။

ထို့ပြင် အချက်အလက်ကွဲလွဲနေသူ အမျိုးသားမှတ်ပုံတင် ကတ်ပြားကိုင်ဆောင်ထားသူများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် ကြား၊ အသက် ၁၈ နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံးကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၌ ကောက်ကွက် ၁၀ကွက်၊ မှော်ဘီမြို့နယ်၌ ကောက်ကွက်ငါးကွက် စုစုပေါင်းကောက်ကွက် ၁၅ ကွက်ကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပါကြောင်း၊ ယင်းဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရရှိသည့် အချက်အလက်များကို e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှုနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် အဆိုပါခန်းမ၌ တွေ့ဆုံပြီးပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)