ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်း တတိယအကြိမ်မြောက်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်း တတိယအကြိမ်မြောက်ဆွေးနွေး



MNP ၊ ဒီဇင်ဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီအမံများရေးဆွဲခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီဥက္ကဋ္ဌ၊ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ကျန်းမာရေးပညာရပ်ဆိုင်ရာ ကောင်စီများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးလူ့စွမ်းအား အစီအမံများအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ဦးက ပထမအကြိမ်နှင့် ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲများမှ တွေ့ရှိချက်များ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်စိုးညွန့်က ဦးစီးဌာနများ အကြား အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသော အဆိုပြုအနာဂတ်အစီအမံများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇေယျာဝင်းက National Health Workforce Account ဆိုင်ရာ အချက်အလက်များနှင့် WHO Local Consultant ဒေါက်တာတင်တင်လေးက ကျန်းမာရေး လူစွမ်းအားအနာဂတ်အစီအမံများအတွက် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက မြန်မာနိုင်ငံဆေးကောင်စီ၏ ဆေးတက္ကသိုလ်များအတွက် အရည်အသွေးအသိအမှတ်ပြု (Accreditation) ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ တင်ထွန်းလှက မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးကောင်စီ၏ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များအတွက် အရည်အသွေး အသိအမှတ်ပြု (Accreditation) ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီကိုယ်စား ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၏ သူနာပြုတက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများအတွက် အရည်အသွေး အသိအမှတ်ပြု (Accreditation) ဆိုင်ရာ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာဝင်းစိုးက မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၏ တိုင်းရင်းဆေးပညာရှင်များကဏ္ဍ အရည်အသွေးတိုးတက်စေရေး ဆောင်ရွက်နေမှု၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာခင်မာမြင့်က အရည်အသွေးပြည့်ဝသော ဆရာဝန်များ မွေးထုတ်နိုင်ရေး နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပြောင်းလဲအကောင်အထည်ဖော်မှုနှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလှိုင်က အရည်အသွေးပြည့်ဝသော သူနာပြုများနှင့် သားဖွားများ မွေးထုတ်နိုင်ရေး မျှော်မှန်းရလဒ် အခြေခံသော သင်ရိုးညွှန်းတမ်း ပြောင်းလဲကျင့်သုံးမှုတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေးကို ဒီဇင်ဘာ ၁၉ မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးမြှင့်တင်မှု အခန်းကဏ္ဍတွင် အရေးကြီးသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိအခြေအနေ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး အမျိုးသားကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မူဝါဒနှင့် လိုက်လျောညီထွေရှိသော အနာဂတ်အစီအမံများ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)