မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုး




နေပြည်တော် ဒီဇင်ဘာ ၂၇

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်အသီးသီး၏ စီမံခန့်ခွဲမှုကော်မတီများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ CITIC Group မှ ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ကြသည်။


ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် အိမ်နီးချင်းများဖြစ်ကြပြီး ရာစုနှစ်ပေါင်းများစွာကတည်းက အလွန်ချစ်ခင်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိကြောင်း၊ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ကျော်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရေးလည်း ပိုမိုခိုင်မာလာခဲ့ကာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုတိုးတက်လာပါကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)သည် ကီလိုမီတာ ၁၇၀၀ ရှည်လျားပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကိုဖြတ်ကာ အနောက်ဘက်ပင်လယ်ရေကြောင်း ထွက်ပေါက်ဖြစ်သည့် ကျောက်ဖြူမြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း။


ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေတွင်တည်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် တန်ဖိုးကြီးမားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့တန်ဖိုးရှိပြီး စီးပွားရေးအခွင့်အလမ်းများစွာရှိနေခြင်းကြောင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်အနေဖြင့် ကျောက်ဖြူဒေသကို အထူးစီးပွားရေးဇုန်တစ်ခုထူထောင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားစွာဖြင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် စီမံကိန်းကြီးတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သောသဘောတူစာချုပ် (Share-holders’ Agreement)နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) များ ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ချုပ်ဆိုနိုင်ခဲ့ကြောင်း။


သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခဲ့ခြင်း၊ မြန်မာဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC ဘက်နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေရခြင်းတို့ကြောင့် စီမံကိန်းစတင်အကောင်အထည်ဖော်နိုင်ရေး နှစ်နှစ်ကျော် နှောင့်နှေးနေခဲ့သည်ကို တွေ့ရကြောင်း။


ယခုအခါ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆောလျင်စွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement)အား ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ရန် လိုအပ်သည့်အတွက် နောက်ဆက်တွဲစာချုပ် (Addendum) ကို ယနေ့တွင် သဘောတူလက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းကြီးမှ မြန်မာနိုင်ငံအတွက် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကိုဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပေးနိုင် မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူစီမံကိန်းကြီးမှတစ်ဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းမည့်ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ စင်္ကြံလမ်းကြောင်း အသုံးပြုပြီး သယ်ယူပို့ဆောင်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ အထူးသက်သာစေမည်ဖြစ်ကြောင်း။


ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင်ပါဝင်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်မှုနှင့်အတူ စက်မှုဥယျာဉ်စီမံကိန်းကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိမည်ဖြစ်ကြောင်း၊ စီမံကိန်းကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်၊ စီးပွားဖွံ့ဖြိုးတိုးတက်၍ အေးချမ်းသာယာစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ဆန္ဒပြုကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ CITIC Group ဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံတို့က ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။


ယင်းနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum)ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr. Liang Chuanxin တို့က လက်မှတ်ရေးထိုးကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် Mr. Liang Chuanxin တို့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ စီမံကိန်းတွင်အပိုင်းလေးပိုင်းပါဝင်ပြီး သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၁၀ ခုပါဝင်သည့် စီမံကိန်းဖြစ်ကြောင်း၊  အဆိုပါစီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပေ ၂၀ ကွန်တိန်နာအလုံးရေ ခုနစ်သန်းခန့်လက်ခံထားနိုင်မည့်စီမံကိန်းဖြစ်ကြောင်း၊ အဓိကအားဖြင့် စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံမှကုန်စည်များအပါအဝင် မိမိနိုင်ငံကို ဖြတ်သန်းသွားမည့် ကုန်စည်များကို အာဖရိကနိုင်ငံများ၊ တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများကို တိုက်ရိုက်ပို့နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ တိုက်ရိုက်မတင်ပို့နိုင်ဘဲ စင်ကာပူနှင့် မလေးရှားတို့မှတစ်ဆင့် တင်ပို့နေရကြောင်း၊ စီမံကိန်းစတင်တည်ဆောက်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဆန်းစစ်ချက်နှင့်ပတ်သက်၍ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်၍ အဆိုပါလုပ်ငန်းစဉ် ရာခိုင်နှုန်းပြည့်ပြီးစီးအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းစတင်အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်အခြေခံအဆောက်အဦများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကို မြန်မြန်စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်ဖက်စလုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူဒေသခံပြည်သူများ၏ ဆန္ဒမှာလည်းစီမံကိန်းကို မြန်မြန်ဆန်ဆန်စတင်ရန် တောင်းဆိုချက်များလည်းရှိကြောင်း၊ စီမံကိန်းသည် ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါဆိပ်ကမ်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီးအသွင်ဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး လက်မှတ်ရေးထိုးခြင်းအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)