(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ





MNP ၊ ဒီဇင်ဘာ ၁၉

၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်ဒိုင် အဖွဲ့များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲကို နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသများနှင့် လူပုဂ္ဂိုလ်များစသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ပေါ်လွင်စွာဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်စေခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင် ၁၇၅ ဦးက ဓာတ်ပုံပေါင်း ၆၈၈ ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ပို့စကတ်များ၊ သဝဏ်လွှာကတ်များကိုထုတ်ဝေသည့်အခါ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အံ့ဖွယ်ကောင်းသည့် အလှအပရှုခင်းများ၊ တိုင်းရင်းသားရိုးရာ အလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဓာတ်ပုံပညာရှင်များ၊ ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ရိုက်ကူးသည့် ဓာတ်ပုံများကို အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ပြိုင်ပွဲများ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း။

ထို့အပြင် ယခုပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်များလည်း ဝင်ရောက်ယှဉ်ပြိုင်လာကြသည့်အတွက် အထူးပင်ဝမ်းမြောက် မိပါကြောင်း၊ ရောင်စုံဓာတ်ပုံပြိုင်ပွဲကျင်းပခြင်းသည် မျိုးဆက်သစ်လူငယ် ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာစေ ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့် ပြိုင်ပွဲတစ်ခု လည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံ များကို အကဲဖြတ်ပေးကြသည့် ပညာရှင်ကြီးများက ဓာတ်ပုံတစ်ပုံ၏ ရိုက်ကွင်းရိုက်ကွက်၊ အယူအဆ၊ အလင်းအမှောင်၊ ဖော်ညွှန်းသည့် အကြောင်းအရာ၊ ဓာတ်ပုံကောင်းတစ်ပုံချင်းစီ၏ အင်္ဂါရပ်များနှင့်အညီ အကြိမ်ကြိမ်စိစစ်အကဲဖြတ်ပြီး ဆုရဓာတ်ပုံများအဖြစ် ရွေးချယ်သတ်မှတ် ပေးခဲ့ကြပါကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် ဆန်းသစ်သည့် အနုပညာဖန်တီးမှုများနှင့်အတူတွေ့မြင်ရပြီး ယခုကဲ့သို့ ဆုများချီးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဓာတ်ပုံများမှတစ်ဆင့် ပြည်သူလူထုအတွင်း မိမိတို့နိုင်ငံအပေါ် တန်ဖိုးထားဂုဏ်ယူစိတ်များ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို လေးစားတန်ဖိုး ထားစိတ်များ စိမ့်ဝင်ပျံ့နှံ့လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဆုရွေးချယ်စိစစ်ရေးဒိုင်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာပန်းချီစိုးမိုးက ဆုများရွေးချယ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် အထူးဆု (၅) ရရှိသည့် ဦးမောင်မောင် လွင်ထိုက်နှင့် အထူးဆု (၄) ရရှိသည့် ဦးကျော်မျိုးသီဟတို့အတွက် ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အထူးဆု (၃) ရရှိသည့် ဦးအောင်မင်းနှင့် အထူးဆု (၂) ရရှိသည့် ဦးထွန်းထွန်းဝင်းတို့အတွက် ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အထူးဆု (၁) ရရှိသည့် ဦးမိုးဟိန်းထွန်းနှင့် တတိယဆုရရှိသည့် ဦးဇော်မြင့်နိုင်တို့အတွက် ဆုများပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒုတိယဆုရရှိသည့် ဦးသန်းနိုင်ဦး (ငဖဲ) နှင့် ပထမဆုရရှိသည့် ဦးဝင်းတိုးတို့အတွက် ဆုများ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား ပထမဆုရရှိသည့် ဦးဝင်းတိုးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရောင်စုံဓာတ်ပုံ ပြိုင်ပွဲတွင် ဆုရရှိသည့် ဓာတ်ပုံများနှင့် ခင်းကျင်းပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)