ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ကျင်းပ






MNP ၊ ဒီဇင်ဘာ ၅

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC II) ၌  ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး အခြေအနေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ သတင်းအချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့်တစ်ဆက်တည်းမှာပင် “ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု” ဆိုင်ရာဆွေးနွေးပွဲကို ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Albert KARIMOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း၊ ထို့နောက် “စားနပ်ရိက္ခာလုံခြုံရေး” ဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sergei LEVIN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း၊ ယင်းနောက် “စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး” ဆိုင်ရာဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Mr. Andrei BELYAKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း၊ ဆက်လက်၍ “ဘဏ္ဍာရေးဆိုင်ရာလုံခြုံရေး” ဆက်စပ်ဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Mr. Aleksei GUZNOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်၍လည်းကောင်း ကဏ္ဍအလိုက် နှစ်နိုင်ငံရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးမစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာနီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးမစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ည ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)