MNP ၊ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသင်ခန်းစာများသင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှုပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် အိုင်တီ(IT)နည်းပညာသုံး သင်ခန်းစာသင်ကြားမှု သင်တန်းဆင်းပွဲကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကရင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာမဒေါ်ပြုံးပြုံးခိုင်က ပညာရေးဌာနများတွင် အိုင်တီနည်းပညာအသုံးပြု၍ သင်ကြားနိုင်ရေး စဉ်ဆက်မပြတ်လေ့လာ၍ အသုံးပြုနိုင်ရေး အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်၊ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက သင်တန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းထူးချွန်ဆုများ၊ သင်တန်းတွင်အတက်ကြွဆုံးဆုနှင့် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment