၁၆ .၁၂ .၂၀၂၄ ရက်နေ့ ။
တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်မှာ ၃၇ ရက်မြောက်နေ့ ။
ကြား ၂ ရက်အတွင်း ဆေးရုံအနီးက နှစ်ထပ်အိမ်တစ်လုံးကို မီးရှို့လိုက်သည်မှ လွဲ၍ ရန်သူသည် ငြိမ်သက်လျက် ရှိသည် ။ "ရေငြိမ်လျှင် သတိထား ၊ ခွေးငြိမ်လျှင် ကြည့်သွား ဆိုသည့်အတိုင်း ငြိမ်နေပြန်တော့လည်း စိတ်မချနိုင်။ ဒီကောင်တွေ ဘာတွေကြိတ်၍ ကြံစည်နေသည် မသိ။
" ကျိုက်ထို ရှိလား ... ကျိုက်ထို "
ရုတ်တရက် စကားပြောစက်မှ ထွက်ပေါ်လာသော အသံ။ သူ ကမန်းကတမ်း ကောက်ကိုင်လိုက်မိ၏။ အသံကား အမြောက်တပ်ဖွဲ့မှ မှူး/ ဗက ထွန်းဝင်း၏ အသံ။
" ကျိုက်ထို ရှိတယ် "
" ညီလေး ကိုယ့်ဆီက ၄ ယောက် ညီလေးဆီ လွှတ်ပေးမယ်။ ညီလေး ဆီက အပေါင်း ၂ ယောက် ထပ်ထည့်ပေးလိုက်ပါ။ ကိုယ်တို့ ရိက္ခာရှာမှ ရတော့မယ် "
" ရထားပါ "
ရိက္ခာ ... တဲ့ ။
သူ လတ်တလော စိတ်ပူနေမိသည်မှာ ထိုကိစ္စပင် ဖြစ်သည်။ မနက်က တိုင်းက သူငယ်ချင်းကို ဖုန်းဆက်မေးတော့လည်း Air drop မချနိုင်သေးဟု သိရသည်။ စိတ်ဓာတ်ကျမိပေမယ့် မျက်နှာပေါ် မပေါ်အောင် ထိန်းထားရင်း၊ အတင်းပြန်ဆွဲတင်ထားရ၏။ စစ်ခေါင်းဆောင် ဆိုသည်မှာ စားစရာမရှိလျှင်တောင် ရဲဘော်များရှေ့တွင် သွားကြားထိုး နေပြရမည် မဟုတ်ပါလား။
ခုတော့ ... ရိက္ခာတဲ့။
အမြောက်အဖွဲ့နှင့် ပေါင်း၍ ရိက္ခာရှာရန် ထွက်သွားသော တပည့်တွေကို ကြည့်ရင်း နောက်ဆံကား တင်းနေမိပြန်သည်။ မရှာလို့လည်း မရ။
ထမင်းခြောက် ဝါးရသည်မှာ ရက်တွေ ကြာလာတော့ စစ်သည်အချို့ကား အဟာရ ပြတ်နေကြပြီ ဖြစ်သည်။နောက်တန်းပြန်ရောက်ရင်တော့ မင်းတို့စားချင်တာ အကုန် ဝယ်ကျွေးမယ်ကွာဟု နှစ်သိမ့်ထားရ၏ ။ ယခုတော့ ဘယ်ဆီမှာမှန်း မသိသော နောက်တန်းပြန်နေ့ရက်များကို ခဏ ထား၍ ဆက်လက်တိုက်ပွဲ ဝင်နိုင်ရေး ရိက္ခာရှာ အသက်မွေးမှ ရပေတော့မည်။
ရဲဘော်တွေကို အပြင်လွှတ်ရမည်ဆိုတော့လည်း စိတ်က မဖြောင့်နိုင်ပြန်။
သွားရှာရင်း တခုခု ဖြစ်သွားလျှင်လည်း ... ဖွကွာ လွဲပါစေ ဖယ်ပါစေ။ စိတ်ထဲကို ခြုံခိုတိုက်ခိုက် အလစ်ဝင်ရောက်လာသော အတွေးဆိုးတွေကို ခေါင်းထဲက အတင်းမောင်းထုတ်လိုက်မိသည်။ မတတ်သာသော အခြေအနေမှာ အဆိုးဆုံးအတွက် ကြံ့ကြံ့ခံထားရသည်မှာ ကြာညောင်းလှပြီ။ ယခုတော့ အကောင်းဆုံးကိုပဲ မျှော်လင့်ထားလိုက်တော့မည်။
ဘယ်လိုပဲဖြစ်ဖြစ် ... ဒီနေ့ တစ်ရက်အဖို့တော့ သူ့ ဆုတောင်းများ ပြည့်သည်ဟု ဆိုရမည်။ ရိက္ခာသွားရှာသော စစ်သည်များအားလုံး ဘေးမသီ ရန်မခဘဲ ပြန်ရောက်လာခဲ့ကြ၏။ သူထည့်ပေးလိုက်သော စစ်သည် နှစ်ဦး လက်ထဲတွင်လည်း ဆန်အနည်းငယ်နှင့် အသီးအရွက်အချို့ ပါလာသည်။
ညနေ ၁၇ ၂၅ ချိန်တွင်လည်း စောင့်မျှော်နေသော Air drop ရောက်လာသည်။ ရိက္ခာက နည်းသော်လည်း ရန်သူ စနိုက်ပါနှင့် ထောက်ထားသည့်ကြားမှ နေ၍ သက်စွန့်ဆံဖျား ကောက်ရသည့် ရိက္ခာဖြစ်၏။
ဆန် ၊ ကြက်သွန်နှင့် အသားခြောက် အနည်းငယ် ပါသည်။ အသားခြောက်ကို တွေ့ရတော့ စစ်သည်များ၏ မျက်နှာမှာ ကမ္ဘာဦးလူသားများ နေကို တွေ့ရသည့်နှယ်ပင်။ အကုန် ဝင်းပရွှင်လန်းနေကြလေ၏။
သြော် ... ဘာလိုလိုနှင့် သူတို့ ထမင်းမစားရသည်မှာ ရက်အတန်ကြာခဲ့ပြီ ဖြစ်သည်။ စရောက်ကတည်းကပင် " ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း " ဆိုသလို ကြိုဆိုခဲ့သော ချောင်းနှစ်ခွ နယ်မြေသည် ၊ သူတို့အား ယခုချိန်ထိ ဆွဲထားဆဲပင်။ ဘယ်အချိန်ထိ ကြာဦးမည်လဲ မသိတော့ ။
ဘန်ကာနံရံကို မှီရင်း သူ့အတွေးထဲတင် တိုက်ပွဲအစကာလ နေ့ရက်များကို ပြန်ပြောင်းလှစ်ဟနေမိ၏။
သွေးနဲ့ ရေးခဲ့ရသော ရက်စွဲများသည် အနှေးရုပ်ရှင် ပြနေသလို သူ့အာရုံထဲတွင် တကွက်ချင်း တကွက်ချင်း ပြက်ပြက်ထင်ထင် ပေါ်လွင်နေဆဲပင်။
မှတ်မှတ်ရရ ... ထိုနေ့ ။
ချောင်းနှစ်ခွတိုက်ပွဲ စတင်ခဲ့သော နေ့ ... ။
( ဆက်ရန် )
မင်းထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment