ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၇ ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းနှစ်ခွတိုက်ပွဲ ( သို့မဟုတ် ) စစ်သူရဲတစ်ဦး၏ အညတရမှတ်စုများ ( ၇ )



၁၃ - ၁၂ - ၂၀၂၃ ရက်နေ့ ။

" ဗိုလ်ကြီး ... ဟိုကောင်တွေ ကပ်လာပြန်ပြီ "


နိုးတဝက် ငိုက်တချက်နှင့် ရှိနေစဉ်မှာပင် လက်မောင်းကို ကိုင်ပြီး ကပ်ပြောလိုက်သော စကားတစ်ခွန်းကြောင့် အသိစိတ်က မီးခလုတ်ကို နှိပ်လိုက်သလို ဦးခေါင်းထဲတွင် ဖျတ်ခနဲ လင်းသွား၏။ 


နံနက်ခင်းကား မြင်ကွင်းပင် မသဲကွဲသေး ... ။

အမှောင်ထုက အနက်ရောင်ဇာပုဝါပါးပါးနှင့် လွှမ်းခြုံထားသလို အုပ်ဆိုင်းမှုန်မှိုင်းနေလျက်ပင် ရှိသေးသည်။ သို့သော် ယင်းအမှောင်ထုကို အကာအကွယ်ယူလျက် အဆောက်အဦးပျက်များအကြားမှနေ၍ မိမိတို့ဘက်သို့ တရိပ်ရိပ်တိုးကပ်လာနေသော ရန်သူများကို ကျင့်သားရနေသော မျက်လုံးတို့က လှမ်းမြင်နေရလျက်ရှိ၏။


ရန်သူကား မိမိတို့ ရှိနေမှန်းကို သိဟန်မတူ။


" ဗိုလ်ကြီး ... ဆော်ထည့်လိုက်ရတော့မလား "


" နေဦး ... ငါတို့ ခဲယမ်းနည်းနေပြီ

ဒီကောင်တွေ ထပ်ကပ်လာပါစေဦး

နီးမှ ဆော်မယ် " 


နံနက်ခင်းကား တချက်တချက် ထွက်ပေါ်လာသော ပိုးပုရစ်ကောင်တို့၏ အော်မြည်သံမှအပ အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိ၏ ။ တိတ်ဆိတ်မှုက ကြီးစိုးနေရာ ကိုယ့်အသက်ရှုသံပင် ကိုယ်ပြန်ကြားနေရလေသည် ။


" ဒိုင်း ... "


ရုတ်တရက် တိတ်ဆိတ်မှုတို့ကို ထိုးခွဲလိုက်သည့် သေနတ်သံတစ်ချက်က သူ့လက်စွဲတော် MA 3 ထံမှတဆင့် အမှောင်ထုထဲကို ထိုးခွင်းထွက်သွား၏။ ရှေ့ဆုံးက တက်လာသော ရန်သူတစ်ယောက် ဘုန်းခနဲ မှောက်ကျသွားသည်ကို တွေ့မြင်လိုက်ရလေသည် ။ 


" ခွေးမသား အကြမ်းဖက်တွေ ... သေစမ်း "

" တပ်မတော်ကွ .... "


သေနတ်သံများနှင့် စစ်သည်များ၏ မာန်သွင်းကြုံးဝါးသံများက လောကဓာတ်တခွင်လုံးကို ပျံ့နှံ့မြည်ဟည်းသွားလေတော့၏။


ရန်သူကား အထိနာသွားပုံ ရသည်။ အလောင်းပင် မကောက်နိုင်ဘဲ နောက်သို့ ဒရောသောပါး ဆုတ်ပြေး၏။ အခဲမကျေသော ရန်သူသည် နေ့လည်ခင်း ၃ နာရီခွဲခန့်တွင် မိမိတို့ လက်နက်ငယ်တကမ်းရှိ အဆောက်အဦးများတွင် ထပ်မံချဉ်းကပ်၍ ခံစစ်ယူကာ မိမိတို့နေရာသို့ RPG များ၊ 40 မမများ၊ လက်နက်ငယ်များဖြင့် စုပြုံပစ်ခတ်လေတော့သည် ။


" ဝုန်း ... " 


" ဟေ့ကောင်တွေ နေရာယူထား။ ဘာမှ မဖြစ်ဘူး။ ကိုယ့်နေရာမှာ ကိုယ် နေ။ ဘယ်သူထိသွားသေးလဲ " 


ရန်သူ့စုပြုံပစ်ခတ်မှုက ပြင်းထန်လွန်းရာ အဆောက်အဦးအပေါ်ထပ်ရှိ နံရံပင် ပွင့်ထွက်သွားလေတော့သည်။ နံရံအနီးရှိ တပ်သားအောင်အောင်စိုးတစ်ယောက် ဒဏ်ရာ အနည်းငယ်ရသည်မှ အပ မည်သူမျှ ထိခိုက်ဒဏ်ရာ မရခဲ့ကြ ။


မိမိတို့အဖွဲ့ကား ၎င်းနေရာတွင် ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အခြေပြု၍ ရန်သူ့တိုက်ခိုက်လာမှုတို့အား ကြံ့ကြံ့ခံ ထိန်းထားခဲ့ကြ၏။ ၁၅ ရက်နေ့တွင်တော့ ရန်သူသည် မိမိတို့၏ နေရာသို့ စနိုက်ပါများဖြင့် တောက်လျှောက် စောင့်ကြည့်ပစ်ခတ်ခြင်းများ၊ လက်နက်ငယ်များဖြင့် သွေးတိုးစမ်းပစ်ခတ်ခြင်းများ အဆက်မပြတ် ဆောင်ရွက်လာရာ ထပ်မံနေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက် အခြေပြုခွင့်ရရန် တင်ပြခဲ့၏။


တပ်ရင်းမှူးမှ ခွင့်ပြုသဖြင့် ညဦးပိုင်းအချိန်တွင် အမှောင်ထုအား အကာအကွယ်ယူကာ မိမိတို့အဖွဲ့များ စခန်းတွင်းသို့ ပြန်လည်ဆုတ်ခွာ ပူးပေါင်းခဲ့ကြသည်။


စခန်းအတွင်းတွင် တကက - ကျော်ထက်လှိုင်တို့အဖွဲ့လည်း မိမိတို့အရင် ရောက်ရှိပူးပေါင်းပြီး ဆေးရုံဘက်ခြမ်း ဘန်ကာနှင့် ကတုတ်များ၌ နေရာယူထားလျက် ရှိကြ၏။ မိမိတို့အဖွဲ့အား IO မှ ၎င်းအခြေပြုသည့် နှစ်ထပ်ဘန်ကာပေါ်နှင့် စခန်းအပြင်ဘက် နှစ်ထပ်အိမ်တွင်လည်းကောင်း၊ အခြား ဘန်ကာနှင့် ကတုတ်များတွင်လည်းကောင်း ဖြန့်ခွဲနေရာယူစေခဲ့သည်။


IO အခြေပြုသည့် နှစ်ထပ်ဘန်ကာပေါ်တွင် ပထမ၌ မိမိနှင့်စစ်သည်တစ်ဉီးသာ ရှိသော်လည်း ၊ ၁၈ ရက်နေ့၌ ရန်သူ့ Drop bomb ချမှုကြောင့် ခမရ ၃၅၈ မှ စစ်သည် ၃ ဉီး ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ အခြေပြုရာ ဘန်ကာပေါ်သို့ ရောက်ရှိလာခဲ့ကြသည် ။


၂၀ ရက်နေ့တွင်တော့ နှစ်ထပ်တိုက်အိမ်ဘက်မှ မိမိနှင့် အပါတ်စဉ်တူ ဗက - ဇာနည်ဉီးတို့ အဖွဲ့ပါ မိမိတို့နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြ၏ ။


၂၁ - ရက်နေ့ ... ။

တပ်ရင်းမှူးနေသည့် ခြောက်ခန်းတွဲ ဗုံးခိုကျင်းနေရာသို့ ရန်သူ့ Drop bomb ကျရောက်ပေါက်ကွဲမှုကြောင့် တပ်ရင်းမှူး၏ လည်ပင်း၌ ဗုံးစ ထိမှန် ဒဏ်ရာ ရရှိခဲ့၏။


၂၃  - ရက်နေ့တွင်တော့ ရန်သူမှ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်ရင်းမှူး၏ ဘယ်ဘက်လက်မောင်းတွင် စနိုက်ပါကျည် ဖောက်ဝင် ဖောက်ထွက် ဒဏ်ရာ ထပ်မံ ရရှိခဲ့ပြန်သည်။၂၅ ရက်နေ့တွင် မိမိနှင့် တပ်သား ထွန်းအေးအောင်တို့ နှစ်ထပ်ဘန်ကာမှနေ၍ ဆေးရုံဘက်ရှိ တစ်ထပ်ဘန်ကာပေါ်သို့ ရွေ့ပြောင်း နေရာယူခဲ့ကြ၏။


၂၆ ရက်နေ့ နံနက် ၄ နာရီခွဲချိန်တွင်တော့ ရန်သူ့စနိုက်ပါပစ်ခတ်မှုကြောင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ကျဆုံးခဲ့ရလေ၏ ။ဒဏ်ရာများ ရရှိထားသည့်ကြားမှပင် တာဝန်ကို မလျှော့သောဇွဲသတ္တိတို့ဖြင့် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ရင်း သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရခြင်းပင် ဖြစ်သည်။


စခန်းအတွင်းရှိ အကြီးဆုံးအရာရှိ ကျဆုံးသွားရခြင်းကြောင့် အရာရှိ / စစ်သည်အားလုံး မျက်နှာ မကောင်းကြပေ။ အားတင်းထားကြသော်လည်း အနည်းငယ်တော့ စိတ်အားငယ်မိကြသည်မှန် အမှန်ပင်။


မည်သို့ပင်ဖြစ်စေ ... ။

ထမ်းဆောင်နေရသေး တာဝန်တို့ကား မပြီးဆုံးသေးသည်ဖြစ်ရာ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် စခန်းရှိ အရာရှိစစ်သည်အားလုံး တာဝန်ကျေပွန်အောင် ဆက်လက် ထမ်းရွက်ရပေဉီးတော့မည်သာပင်။ တက်ကျိုးလျှင်ပင် လက်ထိုး၍ လှော်ရပေဦးတော့မည်။ မိမိတို့သည် ယောကျာ်းထဲမှ စစ်သားများပင် ဖြစ်ကြသည် မဟုတ်ပါလား။


( ဆက်ရန် )

မင်းထင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)