(၂၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် “တောင်သူများပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေး



MNP ၊ ဇန်နဝါရီ ၇

စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် တောင်သူနှင့်သုတေသီများ အတွေးအမြင် အယူအဆကွာဟမှု ကွက်လပ်မရှိစေဘဲ အပြန်အလှန် နားလည်ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်၊ တောင်သူများနှင့် ပညာရှင်များ၊ သုတေသီများ စဉ်ဆက်မပြတ် ထိတွေ့ဆွေးနွေးနိုင်ကြစေရန် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum)ကို အပတ်စဉ် စနေနေ့တိုင်း ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ကျင်းပလျက်ရှိသည်။


ယမန်နေ့ နံနက်ပိုင်းတွင် “တောင်သူများ ပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၂၁)ကြိမ်မြောက် ဆွေးနွေးပွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်တို့မှ တောင်သူများ၊ စိုက်ပျိုးရေးအထူး ပြုကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀၃ ဦး တက်ရောက်ဆွေးနွေးကြသည်။


ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သုတေသနပညာရှင်များအနေဖြင့် တောင်သူများ၏ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူများလက်ရှိကျင့်သုံးနေသည့် စိုက်ပျိုးထုတ်လုပ်မှုကို သုတေသနပြု မှတ်တမ်းတင်ထား ရန် Bench Marking လိုအပ်ပါကြောင်း၊ စပါးအပြီး ဆီထွက်သီးနှံများစိုက်ပျိုးရန် နေရာဒေသအလိုက် မြေဆီလွှာအာဟာရ စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနများ၊ စပါးအပြီး မြေပဲ၊ မတ်ပဲသီးနှံများအပါအဝင် ယာသီးနှံများ အထွက်နှုန်း တိုးတက်စေရေးအတွက် တစ်ရေ၊ နှစ်ရေ ပေးသွင်းခြင်းဖြင့် သီးနှံအထွက်တိုးခြင်းကို လေ့လာသုတေသနပြုရန်လိုအပ်ပြီး စိုက်ပျိုးမြေတွင် တီကောင်များ ပေါကြွယ်ဝမှုအပြင် ဝတ်မှုန်ကူးပေးနိုင်သည့် အင်းဆက်ပိုးများ ပေါကြွယ်ဝမှုများ လေ့လာရန်လိုအပ်ကာ စပါးအပြီးယာသီးနှံများတွင် ရေသွင်းစနစ်များ ဖွံ့ဖြိုးရန်လိုအပ်လျက်ရှိကြောင်း၊ တောင်သူများအား အထူးမှာကြားလိုသည်မှာ သီးနှံတစ်ခုစိုက်ပျိုးပါက အရင်းကျေသီးနှံတစ်မျိုးမျိုး ထည့်သွင်းစိုက်ပျိုးရန် အကြံပြုတိုက်တွန်းပါကြောင်း ပြောကြားပြီး နိုင်ငံတကာမှ လယ်သမားဈေးကွက်နှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို ဗဟုသုတဖြစ်ဖွယ် မျှဝေဆွေးနွေး ပြောကြား သည်။


ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသော တောင်သူလယ်သမားများက မိမိတို့ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကိုယ်တိုင်ရောင်းချနိုင်မည့် တောင်သူလယ်သမားဈေး ပေါ်ပေါက်လာစေလိုကြောင်းနှင့် ယင်းတို့၏ လယ်ယာလုပ်ငန်းခွင် အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။


(၂၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers' Technical Forum)တွင် “တောင်သူများ ပူးပေါင်းဆောင်ရွက်သော မြေပဲနှင့် နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံသုတေသနဌာနစုမှ သုတေသနအရာရှိ ဒေါ်မော်မော်နိုင်က မြန်မာနိုင်ငံ၏ မြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မျိုးရွေးချယ်မှု၊ စိုက်နည်းစနစ်၊ စိုက်ချိန်၊ အပင်ပြုစုစောင့်ရှောက်နည်း၊ မြေပဲသီးနှံမျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ ထုတ်ဝေပြီးမျိုးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သုတေသနအရာရှိ ဒေါ်နန်းပပဝင်းက နေကြာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးသန့်နယ်နိမိတ်ထားရှိ စိုက်ပျိုးခြင်း၊ စိုက်ချိန်ရွေးချယ်ခြင်း၊ မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ မျိုးသန့်မျိုးစေ့ထုတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)