မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

MNP ၊ ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့်အဖွဲ့အား  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။

                     ထိုသို့လက်ခံတွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်၏မူဝါဒများကို ပြည့်ဝစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲတို့မှာ အဓိကပါဝင်နေပြီး သီးနှံများ သီးထပ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းများ၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဦးတည်ကူးပြောင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ တောင်သူများ ပိုမိုသိရှိလိုက်ပါ ဆောင်ရွက်လာရေး ကျယ်ပြန့်ထိရောက်စွာ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကဏ္ဍအလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

                     ၎င်းနောက် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ထိရောက်စွာဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့်အစီအမံများ၊ ကျောက်ဆည် အင်းကုန်းစက်ရုံမှ စမ်းသပ်ထုတ်လုပ်သည့် အပေါ့စားလက်ဆွဲကောက်စိုက်စက်ကို နွေစပါး စိုက်ပျိုးရာသီမှစတင်၍ တောင်သူများအတွင်း ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု၊ ထယ်ရေးမဲ့စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် စက်မှုလယ်ယာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

                               ဆက်လက်၍ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ၊  စက်မှုလယ်ယာဦးစီးဌာန (အင်းကုန်း)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း)တွင် စမ်းသပ်ထုတ်လုပ်သည့် အင်ဂျင်ပါဝါသုံး (၆)တန်းသွား အပေါ့စားလက်ဆွဲကောက်စိုက်စက်ဖြင့် စံပြစိုက်ကွင်းတွင် တောင်သူများကိုယ်တိုင် လက်တွေ့စမ်းသပ်စိုက်ပျိုးနေမှုအား Video Clip ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးကိုကိုဝင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြန်မာ့လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းအကြောင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက်ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးအကြံပြုချက်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)