တာလေမြို့၊ ကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၊ ကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဇန်နဝါရီ  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ကျောက်စီဂုံးတံတားပေါ်ရှိ သံဘေလီတံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားလာနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဉီးစွာ မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က ဇန်နဝါရီ ၁၈ ရက်နေ့က ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေကျောက်စီဂုံးတံတား၊ ကမ်းကပ်ခုံအနီး (ကျိုင်းတုံဘက်ခြမ်း)၊ ပထမဂုံးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယာဉ်များ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ရကြောင်း၊ တံတားပေါ်တွင် အရှည်(၉၀)ပေ၊ အကျယ်(၁၂)ပေခွဲရှိ သံဘေလီတံတားအား ရှမ်းပြည်နယ်တံတားအထူးအဖွဲ့(၁၂)က နေ့ရောညပါ ကြိုးစားတည်ဆောက်ခဲ့ရာ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းမှ၍ ယာဉ်ငယ်များနှင့် (၂၇)တန်ထိ ယာဉ်ကြီးများအား ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ယာဉ်ငယ်များအား နေ့စဉ် နံနက် ၆ နာရီမှ ည ၉ နာရီအထိလည်းကောင်း၊ (၂၇)တန်ထိ ယာဉ်ကြီးများအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် သတ်မှတ်တန်ချိန်သာ ဖြတ်သန်းသွားနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တံတားပြင်ဆင်တည်ဆောက်နေစဉ်ကာလအတွင်း အဆိုပါပူးပေါင်းအဖွဲ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအား အလှည့်ကျ ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမှု မရှိစေရေး ဆောင်ရွက်သွားစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့အား ဖွဲ့စည်းတာဝန်ပေးအပ်လာမည့် လုပ်ငန်းများအပေါ် ဆောင်ရွက်သွားမည့်အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တာလေကျောက်စီဂုံးတံတားသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိကသွားလာအသုံးပြုနေရသည့် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည့် အရှည်(၃၂၇)ပေ၊ အကျယ်(၃၀)ပေရှိသော တံတားဖြစ်ပြီး တံတားအောက်ခြေတွင် ရေတိုက်စားပြီး အောက်ခြေအထိရေတိုးဝင်ကာ အပေါက်ဖြစ်ပြီး ကလိုင်တဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုမှာ ကျွံဝင်သွားရာမှ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)