MNDAA အကြမ်းဖက်အဖွဲ့၏ သရုပ်ပျက် လုပ်ရပ်များကို ဖော်ပြခဲ့တဲ့ နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA အကြမ်းဖက်အဖွဲ့၏ သရုပ်ပျက် လုပ်ရပ်များကို ဖော်ပြခဲ့တဲ့ နေ့


ရှမ်းပြည်(မြောက်ပိုင်း)မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ အမည်ခံထားတဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၇) ရက်နေ့မှာ စတင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ သူတို့ရဲ့ စစ်ဆင်ရေးအမည်ကိုလည်း (၁၀၂၇) စစ်ဆင်ရေးလို့ ခေါင်းစဉ်တပ်ပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

KIA အကြမ်းဖက်အဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဒီသုံးဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ အတော်လေး ပြင်းထန်ခဲ့ပါတယ်။

ရှမ်းပြည် (မြောက်ပိုင်း) နောင်ချိုကနေ စပြီး လမ်းတံတားတွေ ဖျက်ဆီး၊ လျှပ်စစ်ဓာတ်အားပေးရုံတွေကို ဖျက်ဆီး၊ လုံခြုံရေးစခန်းတွေကို သိမ်းပိုက်သည်အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ဒေသခံပြည်သူ အမြောက်အများလည်း စစ်ဘေးသင့်ပြည်သူများ ဖြစ်ခဲ့ကြရပါတယ်။ တိမ်းရှောင်နေထိုင်ကြရပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ လူမျိုးရေးပြဿနာ ဖန်တီးလာတာကတော့ MNDAA အကြမ်းဖက်အဖွဲ့ပဲ ဖြစ်ပါတယ်။ လောက်ကိုင်မြို့မှာ သွားရောက် အလုပ် လုပ်ကိုင်နေကြသူတွေ တောလမ်းတွေကနေ ပြန်လာကြရတယ်။ ဗမာဆိုရင် မနေရဘူးဆိုတဲ့ လုပ်ဆောင်မှုမျိုးတွေ တွေ့လာရတယ်။

အကြမ်းဖက်အဖွဲ့တွေရဲ့ နောက်ကွယ်မှာ ပြည်ပအထောက်အပံ့တွေ ရှိနေတဲ့အခါကြတော့ တိုက်ပွဲတွေက ရှည်ကြာလာတယ်။ ရှည်ကြာလာတာနဲ့အမျှ ဒေသခံပြည်သူလူထုမှာ ပိုပြီး အတိဒုက္ခရောက်ကြရတယ်။

၂၀၂၃ နှစ်ကုန်ပြီးချိန်အထိ တိုက်ပွဲတွေက ရပ်တန့်သွားခြင်းမရှိဘဲ ရှမ်းပြည်(မြောက်ပိုင်း)မှာလည်း တိုက်ပွဲတွေ ဖော်ဆောင်နေကြသလို တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ဘက်မှာလည်း AA က စစ်မီးမွှေးခဲ့ပါတယ်။

ပြည်သူတစ်ယောက်ရဲ့ အမြင်အရ ပြောရရင်တော့ တပ်မတော်က ယနေ့အချိန်အထိ ဘယ်အဖွဲ့ကိုမှ ပြင်းထန်ပြတ်သားစွာ နှိမ်နင်းတာမျိုး မတွေ့ရသေးပါဘူး။ တပ်မတော်အနေနဲ့ ပြင်းထန်ပြတ်သားစွာ လုပ်ဆောင်မယ်ဆိုရင် အကြမ်းဖက်သမားတွေ လက်မထောင်နိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကို သိမြင်နေကြတဲ့ ပြည်သူတွေမှာလည်း အကြမ်းဖက်အဖွဲ့တွေရဲ့ မဖွယ်မရာ လုပ်ရပ်တွေ တွေ့ရတာများလာသည်နှင့်အမျှ တပ်မတော်အနေနဲ့ ပြတ်သားစွာ ဆောင်ရွက်သင့်ပြီဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပြည်သူ့အသံကိုလည်း နိုင်ငံတော်အကြီးအကဲများ ကြားသိပုံမရသလိုပါပဲ။ စိုးရိမ်သောကနဲ့ တပ်မတော်ရဲ့ ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေကို မျှော်လင့်နေတဲ့ ပြည်သူများမှာတော့ လည်ပင်း ညောင်ရည်အိုးဖြစ်နေပြီ။

၂၀၂၄ နှစ်သစ်ကူးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည့်တိုင်အောင် ရက်ပိုင်းမျှပါပဲ။ မြန်မာနိုင်ငံသား ဗုဒ္ဓဘာဝင် ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ရင်အစုံကို စောင့်ကန်လိုက်တဲ့ လုပ်ရပ်ကို MNDAA အကြမ်းဖက်အဖွဲ့က ၈-၁-၂၀၂၄ ရက်နေ့မှာ လုပ်ပြခဲ့ပါတယ်။ 

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ရာမှာ "လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင် ပွိုင့် ၂၂၀၂ မှာရှိတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း အမြတ်တနိုး တန်ဖိုးထားတဲ့ ဘုရားစေတီတော်ကို MNDAA အကြမ်းဖက်သောင်းကျန်းသူတွေက ဖျက်ဆီးနေတဲ့ပုံကို မနေ့ကတည်းက လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ ဒီနေ့မှာ တော့ မန္တလေးမြို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုများလည်း ရှိပါတယ်။ ဒီတင်ထားတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဝင်အားလုံးကို လှောင်ပြောင်စော်ကား၊ ဘာသာရေးကိုစော်ကားတဲ့ပုံစံ၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံ တင်ထားတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သောင်းကျန်းသူတွေဘက်ကတော့ အကြောင်း အမျိုးမျိုးပြကြတာပေါ့။ သို့သော်ယခင်ကတည်းက ဘုရားစေတီတွေ၊ ကျောင်းကန်တွေကို သောင်းကျန်းသူတွေအနေနဲ့ ဖျက်ဆီးတဲ့အထောက်အထားအများအပြား ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် မူဆယ်မြို့အဝင်မှာရှိတဲ့ ရပ်တော်မူဘုရားကျောင်းဝန်း၊ ဘုန်းကြီးကျောင်းဝန်းကို Drop Bomb နဲ့ အကြောင်းမဲ့ ပစ်ချခဲ့တာတွေ ရှိပါတယ်။ ဒါ့အပြင် အခြားသော သောင်းကျန်းသူတွေ အနေနဲ့လည်း ဗုဒ္ဓဘာသာဝင် ဘုရားစေတီတွေအပေါ်မှာ အကာအကွယ်ယူပြီး ပစ်ခတ်တာတွေ၊ ခံစစ်စခန်းလုပ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့ပုံစံတွေက သူတို့ပြောနေတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ လားလားမျှ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအပေါ်မှာ သက်သက်စော်ကားခြင်း၊ စော်ကားပြခြင်းဖြစ်ပါတယ်။ ဒါတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကြားထဲမှာ သွေးကွဲနေမှုတွေကို သပ်လျှိုတာ၊ သွေးကွဲနေမှုတွေအပေါ်မှာ အခွင့်ကောင်းယူတာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိကြဖို့ လိုပါတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ သူတို့ ခေတ္တရရှိသွားတဲ့ နယ်မြေတွေမှာ လူသစ်စုဆောင်းတာတွေ အတင်းအဓမ္မ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရပါတယ်။ ကွတ်ခိုင်နဲ့တစ်ဝိုက်မှာဆိုရင် (၁၀)နှစ် အရွယ်ရှိတဲ့ ယောက်ျားလေးဆိုရင် သောင်းကျန်းသူတပ်ဖွဲ့ထဲမှာ ပညာသင်ပေးမယ်၊ ပညာ ရရမယ်ဆိုပြီး ဆွဲဆောင်စည်းရုံးနေတာ တွေရှိပါတယ်။ အတင်းအဓမ္မလူသစ် စုဆောင်းတာတွေ ရှိပါတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာရှိနေတဲ့ နေရပ်စွန့်ခွာပြီး ထွက်ပြေးလာကြတဲ့လူတွေ များပြားနေတာကိုလည်း တွေ့ရပါတယ်။ သူတို့လွှမ်းမိုးထားတဲ့ နယ်မြေအတွင်းမှာရှိနေတဲ့ ယောက်ျားလေးဆိုရင် တိုက်ခိုက်ရေး တပ်ထဲဝင်ရမယ်။ အမျိုးသမီးတွေဆိုရင် အထောက်အကူပြုတပ်ဖွဲ့ Drone တပ်ဖွဲ့ထဲဝင်ရမယ်ဆိုပြီး အတင်းအဓမ္မ လူသစ်စုဆောင်းနေတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ အကျန်းဖက်သောင်းကျန်းသူတွေ အမြဲတမ်း ဆောင်ရွက်နေတဲ့ အရာတွေဖြစ်ပါတယ်။ ဒီဖြစ်စဉ်အမှန်တွေကိုလည်း ပြည်ဖျက်မီဒီယာတွေက ဖုံးဖိပြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။" လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ရုပ်သံတွေမှာ MNDAA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက စေတီတော်ကို ပေါင်တူနဲ့ ထုပြီး ဖြိုဖျက်တဲ့ လုပ်ရပ်ကို စနစ်တကျ ဗီဒီယိုရိုက်ပြီး ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် MNDAA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးက ဗုဒ္ဓရုပ်ပွားတော်ကို ဓားနဲ့၊ ပုဆိန်နဲ့ ထုခွဲဖျက်ဆီးနေတဲ့ ရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီ ရုပ်သံတွေမှာ ရေးသားထားတဲ့ တရုတ်စာကို ဘာသာပြန်ပြောဆိုသူတွေက ရှမ်းပြည်မြောက်ပိုင်းတွင် ဘုရားဖြစ်လျင်ပင် ပျက်စီးရလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် ရဟန်းရှင်လူပြည်သူလူထု တစ်ရပ်လုံးက ဆန့်ကျင် ကန့်ကွက် ရှုတ်ချမှုတွေ မြင့်တက်လာချိန်မှာတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစဉ်သဖြင့် လုပ်ဆောင်နေတဲ့ ပြည်ဖျက်မီဒီယာတွေက MNDAA အကြမ်းဖက်အဖွဲ့က ဘုရားစေတီကို ဖျက်ဆီးတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကာကွယ်ရေးသား ဖော်ပြမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစဉ်သဖြင့် လုပ်ဆောင်နေတဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့သည်လည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်နေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက PDF အကြမ်းဖက်အဖွဲ့ဝင်တွေ ရှမ်းပြည်မြောက်ပိုင်းမှာ သွားရောက်တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။ 

PDF အကြမ်းဖက်အဖွဲ့ဆိုတာက NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနဲ့ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်လာကြတဲ့ လူငယ်တွေများပါတယ်။ ဗမာလူငယ် အများစုဖြစ်ပါတယ်။ ဗမာလူငယ်များက KIA, MNDAA, TNLA, AA တို့နဲ့အတူ တိုက်ပွဲဝင်ပေးနေတာ ဖြစ်ပါတယ်။ MNDAA အကြမ်းဖက်အဖွဲ့က အခုလို ဘာသာရေးစော်ကားမှုတွေ လုပ်ဆောင်လာတဲ့အခါ MNDAA အတွက် သွားရောက် တိုက်ပွဲဝင်ပေးခဲ့တဲ့ ဗမာလူငယ်တွေ မင်းတို့ ဒီဖြစ်ရပ်တွေကို ကြည့်ပြီး ကိုယ့်လုပ်ရပ်အပေါ် ကိုယ်တိုင် ပြန်ပြီး သုံးသပ်ကြည့်ကြစမ်းပါလို့တော့ ပြောချင်မိတယ်။

PDF အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ KIA ရဲ့ ခိုင်းနွားအဖြစ်နဲ့ သံဃာတော်တွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေလည်း ကျူးလွန်ခဲ့ကြတယ်။ အခု MNDAA အကြမ်းဖက်အဖွဲ့အတွက် တိုက်ပွဲဝင်ပေးနေကြတယ်။ MNDAA က ဘာသာရေးစော်ကားမှုတွေ လုပ်ပြလာတဲ့အခါကြတော့ သမိုင်းတရားခံထဲမှာ မင်းတို့ပယောဂလည်း မကင်းဘူးဆိုတာ PDF အကြမ်းဖက်အဖွဲ့ဝင်တွေ သိရှိနားလည် သင့်ပါတယ်။

MNDAA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖြိုချဖျက်ဆီး၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကို ထုခွဲဖျက်ဆီးတဲ့ လုပ်ရပ်တွေ ထွက်ပေါ်လာပြီးနောက် မန္တလေးမြို့မှာ ဆရာတော်သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင် ပြည်သူများ က စတင်ကန့်ကွက်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရန်ကုန်မြို့မှာလည်း ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာက MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ ထပ်မံပြီး မော်လမြိုင်၊ လားရှိုးမြို့တို့မှာလည်း သံဃာတော်တွေက ဦးဆောင်ပြီး ဆန့်ကျင် ကန့်ကွက်မှုတွေ တွေ့မြင်လာရပါတယ်။

MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်က မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကိုသာ စော်ကားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘာသာကြီး (၄)ခုထဲမှာ ဗုဒ္ဓဘာသာဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ သန်း(၅၀၀)ကျော် ရှိပါတယ်။ ဖုန်တာရွှင် ဦးဆောင်တဲ့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင်ထိပ်မှာ ရွှေတိဂုံပုံတူစေတီတော်ကို ခက်ခက်ခဲခဲ တည်ထားကိုးကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ စေတီတော် တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ် ရေးသားပြဆိုတာတွေကိုလည်း တွေ့မြင်လာရပါတယ်။ တပ်မတော်သားများနဲ့ ဒေသခံ ဆရာတော်များ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းတည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ကို ၈-၁-၂၀၂၄ ရက်မှာတော့ MNDAA အကြမ်းဖက်အဖွဲ့က အောက်တန်းကျ ယုတ်မာ ရိုင်းစိုင်းစွာ ဖြိုဖျက်လိုက်ကြပါတယ်။ 

ဖုန်တာရွှင် ဦးဆောင်တဲ့ MNDAA အကြမ်းဖက်အဖွဲ့ရဲ့ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ သံဃာတော်များ၊ ရဟန်းရှင်လူပြည်သူများ တောင်းဆိုနေတဲ့ အသံက တစ်သံတည်းပါပဲ။ MNDAA အကြမ်းဖက်အဖွဲ့ကို အမြန်ဆုံး ရှင်းလင်းပေးရေးပဲ ဖြစ်ပါတယ်။ ဘာသာ သာသနာအတွက် လိုအပ်ရင် သံဃာတော်များကပါ လူထွက်ပြီး တပ်မတော်နဲ့အတူ ပူးပေါင်းနှိမ်နင်းသွားမယ် (နှိမ်နင်းခွင့်ပေးပါ) ဆိုတဲ့ တောင်းဆိုသံတွေ ကို တာဝန်ရှိသူများ သိရှိနားလည် ခံစားနိုင်ကြပါစေ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)