ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မော်လမြိုင်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မော်လမြိုင်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး







MNP ၊ ဖေဖော်ဝါရီ ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် လူမူရေးရာဝန်ကြီး ဦးမြတ်သွင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်ရှိ အနုဇီဝဗေဒလက်တွေ့ခန်းနှင့် အဏ္ဏဝါသိပ္ပံဌာနများတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် အေးချမ်းစွာ ပညာသင်ကြားနေကြသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဘာသာရပ်ဆိုင်ရာများမှ တန်ဖိုးရှိသော အသိပညာ၊ အတတ်ပညာ အတွေးအခေါ် ပညာရပ်များကို မိမိတို့၏ ကိုယ်ပိုင်အသိပညာဖြစ်သည်ထိ ရယူနိုင်အောင် အားထုတ်ကြိုးစားကြရန်၊ ဘာသာရပ်ဆိုင်ရာ စာတွေ့သင်ခန်းစာများသာမက လက်တွေ့သင်ခန်းစာများကိုလည်း အဆက်မပြတ် သင်ယူဆောင်ရွက်ကြရန်၊ မိမိတို့၏ ပတ်ဝန်းကျင်မှရရှိသည့် သဘာဝအရင်းအမြစ်များကို အသုံးပြု၍ မိမိတို့ဘာသာရပ်ဆိုင်ရာ အသိပညာများနှင့်ပေါင်းစပ်၍ လူမှုနယ်ပယ်တွင်အသုံးပြုနိုင်သော အသုံးချသုတေသနများကို ဆောင်ရွက်ကြရန်၊ ဘာသာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများကို လက်တွေ့အသုံးချနိုင်သောအဆင့်ထိ ရောက်ရှိအောင် ရည်မှန်းကြိုးစားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ကျောင်းဝင်းအတွင်း ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်သုတေသနစင်တာ တည်ဆောက်နေမှုလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များနှင့် တွေ့ဆုံပြီး မိမိတို့တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံ၊ ဘဏ္ဍာဌာနမှူးများ ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန်၊ အရည်အသွေးပြည့်ဝသော ကျောင်းသူ၊ ကျောင်းသားများ ပျိုးထောင်ပေးရန်၊ သုတေသနအခြေပြု တက္ကသိုလ်အဖြစ်ပေါ်ထွန်းလာစေရေးအတွက် ဘာသာရပ်ဆိုင်ရာဌာနများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန် ဆွေးနွေးမှာကြားသည်။


ထို့နောက် ဌာနတစ်ခုချင်းအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၊ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဘဝတိုးတက်အောင်မြင်ရေးအတွက် ပညာကိုကြိုးစားသင်ယူကြရန်၊ ဆရာ၊ ဆရာမများ ဆုံးမသင်ကြားပေးသည့်အတိုင်း ကြိုးစားလိုက်နာကြရန် ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)