စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်း စာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်း စာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ ဖေဖော်ဝါရီ ၉

စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အမျိုးအစားအလိုက် ထုတ်လုပ်မှုလုပ်ငန်း စာရင်းပြုစုရေး ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့က စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၏ မူရင်းထုတ်ကုန်အမယ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များအလိုက် ဆောင်ရွက်သင့်သော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အမယ် ၆၁၂ မျိုး၏စာရင်းကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက အမှန်တကယ်မူလအခြေခံရှိပြီး ဈေးကွက်ရရှိထားသော ဒေသထုတ်ကုန်များကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ MSME များအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ် (Work Plan)၊ ပြီးစီးအောင် ဆောင်ရွက်မည့်ကာလ (Time Line)တို့ကို စနစ်တကျပြုစုရေးဆွဲပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထောက်အကူပြုနိုင်သော အလားအလာရှိသည့် အမှန်တကယ် အလုပ်လုပ်ကိုင်သော လုပ်ငန်းများကိုသာ ရွေးချယ်၍ ချေးငွေထုတ်ပေးပြီး တွန်းအားပေးဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီပေးရ မည်ဖြစ်ကြောင်း၊ ထို့ပြင် အမှန်တကယ် ဆောင်ရွက်ခြင်းရှိ/မရှိ ကိုလည်း ပြန်လည်သုံးသပ်စစ်ဆေးရန် လိုကြောင်း၊ စိုက်ပျိုးရေနှင့်မြေရရှိရေး၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေးတို့အပေါ် ကူညီဆောင်ရွက်နိုင်ရန် တင်ပြသော်လည်း ချက်ချင်းလက်ငင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ ရွေးချယ်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က One Reign One Product အနေဖြင့် ဒေသတစ်ခုမှသည် တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ အလားအလာရှိသည့် MSME ထုတ်ကုန်ပစ္စည်းများကို ရွေးချယ်သင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြည်ပပို့ကုန်များအဖြစ် သစ်၊ ဝါးအခြေခံလုပ်ငန်း များ၊ သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ၊ ကြိမ်အချောထည်ပစ္စည်းများ၊ ဆားလုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများအနေဖြင့် One Reign One Product ထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ ထုတ်လုပ်တင်ပို့နိုင်မည့် ထုတ်ကုန်အမယ်သစ်များ ဖြစ်သင့်ကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများတွင် “မြန်မာပြည်တွင် ထုတ်လုပ်သည်” (Made in Myanmar) တံဆိပ်ကပ်နှိပ်နိုင်သည့် ထုတ်ကုန်အမယ်များကို ဦးစားပေးသင့်ကြောင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် လိုအပ်သော နည်းပညာ၊ သယ်ယူပို့ဆောင်မှု၊ ရောင်းချဖြန့်ဖြူးမှု၊ ပြည်ပသို့တင်ပို့မှုနှင့်ပတ်သက်၍ ချမှတ်ထားသည့် မူဝါဒ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရေး ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှသာ MSME လုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုပြုစုထားရှိသော စာရင်းများသည် ဝန်ကြီးဌာနများမှ အဆိုပြုထားသည့် သဘောထား မှတ်ချက်များနှင့် အသုံးအနှုန်းများဖြင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများ၏ သဘောထားမှတ်ချက်များနှင့် စာရင်းဇယားအချက်အလက်များပေါ်တွင်မူတည်ပြီး မူလကပြုစုထားသည့် ထုတ်ကုန်အမယ် ၂၂၂ မျိုးအား ဖြည့်စွက်၍ ထုတ်ကုန်အမယ် ၆၁၂ မျိုးကို ပြန်လည်ပြုစုတင်ပြခြင်းဖြစ်ကြောင်း၊ ဆန်မှထုတ်လုပ်သည့် မူရင်းထွက်ကုန် ဆန်၊ စပါး၊ ဖွဲနု သုံးမျိုးတွင် အဆင့်(၁)တန်ဖိုးမြှင့်ထုတ်ကုန် ပေါင်းဆန်၊ မုန့်မျိုးစုံ၊ ကြာဆံ၊ မုန့်တီ/မုန့်ဖတ်၊ ခေါက်ဆွဲ၊ အရက်၊ မြူစွမ်နှင့် ဆန်မှုန့်ဟူ၍ ရှစ်မျိုး၊ အဆင့်(၂)တန်ဖိုးမြှင့် ထုတ်ကုန်အာဟာရဖြည့် ဆန်/ဆီးချိုဆန်၊ အသင့်စားဆန်ပြုတ်၊ မုန့်တီ/ မုန့်ဖတ်ခြောက်၊ တိရစ္ဆာန်အစာ၊ ဆန်လှော်မှုန့်နှင့် ခေါက်ဆွဲခြောက်ဟူ၍ ခြောက်မျိုး ဖြည့်စွက်၍ ပြုစုထားကြောင်း၊ ကောက်ညှင်းအခြေခံသော စားသောက်ကုန်တွင် အဆင့်(၁) တန်ဖိုးမြှင့် ထုတ်ကုန် မုန့်မျိုးစုံ၊ ကောက်ညှင်းအရက်၊ အဆင့်(၂)တန်ဖိုးမြှင့် ထုတ်ကုန်ကောက်ညှင်းခြောက်နှင့် ကောက်ညှင်းမှုန့်ဟူ၍ ထပ်မံဖြည့်စွက်ထားကြောင်း၊ အသားနှင့်ပတ်သက်၍ မူရင်းတိရစ္ဆာန်အမျိုးအစားတွင် နွားနောက်အား ထပ်မံဖြည့်စွက်ထားပြီး တန်ဖိုးမြှင့် ထုတ်ကုန် အဆင့်(၁)အနေဖြင့် အသားခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် တန်ဖိုးမြှင့် ထုတ်ကုန်၊ အဆင့်(၂)တွင် အေးခဲအသား၊ စည်သွတ်ဘူး၊ အသားမွှကြော်၊ အသင့်စားအသားကြော်များ၊ မူရင်းထုတ်ကုန်သားရေကို တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်(၁) ဖိနပ်/အသုံးအဆောင်ဟူ၍ ထပ်မံ ဖြည့်စွက်ထားကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)