ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ် မှာကြား



MNP ၊ ဖေဖော်ဝါရီ ၁၈

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေး ဦးစီးဌာနမှူးများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ စနစ်တကျ လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးများသည် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများဖြစ်သဖြင့် လုပ်ငန်းလိုင်စင်ခွင့်ပြုခြင်း၊ လိုင်စင်သက်တမ်းတိုးခွင့်ပြုခြင်း၊ လုပ်ငန်းများအား အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးခြင်း၊ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများဖြင့် ဆောင်ရွက်နေခြင်း ရှိ၊ မရှိစိစစ်ခြင်း၊ လိုင်စင်စည်းကမ်းများ လိုက်နာဆောင်ရွက်နေမှု ရှိ၊ မရှိစိစစ်ခြင်းတို့ကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။


မိမိတာဝန်ယူထားသည့် နယ်မြေအတွင်း လိုင်စင်မရှိဘဲ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း မရှိစေရန် မြေပြင်အခြေအနေအား အခြေခံကျန်းမာရေးဝန်ထမ်းများ အင်အားဖြင့် သတင်းအချက်အလက်များ ရယူဆောင်ရွက်ရန်၊ လုပ်ငန်းလိုင်စင်မရှိပါက သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်နှင့် ပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအား မျှတသောစရိတ်ဖြင့် ဝန်ဆောင်မှုရရှိရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားသည်။


ဆက်လက်၍ ပြည်သူ့ဆေးရုံကြီးများတွင် အထူးကုပြင်ပလူနာဌာနများ နံနက်ပိုင်းအပြင် နေ့လယ်ပိုင်းများတွင်လည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိသဖြင့် အထွေထွေရောဂါကု ဆရာဝန်များအနေဖြင့် အထူးကုများနှင့်ပြသရန် လိုအပ်သောလူနာများအား သတ်မှတ်လူနာညွှန်းပို့ပုံစံဖြင့် စနစ်တကျ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးပြီးနောက် အထွေထွေရောဂါကုဆရာဝန်များအနေဖြင့် ပုံမှန်ဆက်လက်ကုသမှုပေးရန် လိုအပ်သည့်အဆင့်တွင် လူနာများအား ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းစဉ် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်းကို အားဖြည့်ပေးရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရသူများနှင့် ရန်ကုန်မြို့ရှိ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)