၂၀၂၃ခုနှစ် အကယ်ဒမီပေးပွဲ ဘာထူးခြားလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ခုနှစ် အကယ်ဒမီပေးပွဲ ဘာထူးခြားလဲ

















၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၃-၂-၂၀၂၄)ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) မှာ ကျင်းပသွားခဲ့ပါတယ်။ အကယ်ဒမီပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို နိုင်ငံတော်ပိုင်မီဒီယာများ နဲ့ ပုဂ္ဂလိကပိုင်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများကနေ Live ထုတ်လွှင့် ပြသခဲ့ကြပါတယ်။

Live လွှင့် ပြသနေတဲ့ Page တွေမှာ ပြန်ကြည့်ရင် နီပိန်း (နီပေါ) တွေ အာသီးယောင်ပြီး ဝင်းဆဲနေကြတာ၊ မဖွယ်မရာတွေ ဝင်ရေးနေကြတာကို တွေ့ရပါလိမ့်မယ်။ နီပိန်း တွေ ရဲ့ သဘောသဘာဝကို အထင်အရှားပြပါတယ်။ Live လွှင့်တဲ့ Page တိုင်းမှာလိုလို အာချောင်ပြီး မဖွယ်မရာတွေ ဝင်ရောက်ရေးသားနေကြတာ ဖြစ်ပါတယ်။ တချို့နီပိန်းများကလည်း ပြည်ပမှာ ဘေးလွတ်ရာမှာဆိုတော့ ထင်ရာမြင်ရာ ရေးပါတယ်။ လူလည် နီပိန်းတွေပါ။ ပြည်တွင်းမှာ ရှိတဲ့ နီပိန်းတွေကတော့ ရောယောင်ပေါကြောင် အာသီးဝင်ယောင်ပါတယ်။ အကြမ်းဖက်အားပေး မဖွယ်မရာ ရေးမိလို့ အဖမ်းခံရရင် ဖိနှိပ်တယ်လို့ ဖြစ်အုံးမယ်။ သူတို့ကိုယ်တိုင် က အာမချောင်ရ မနေနိုင်ဘူး။ အပြုသဘောဆန်ဆန် ဆောင်ရွက်နေတာကိုလည်း အပြုသဘောဆန်ဆန် မမြင်နိုင်ဘူး။ 

ပရိတ်သတ်များအနေနဲ့ မိမိတို့ အားပေးတဲ့ အနုပညာရှင်ကို အကယ်ဒမီရစေချင်တာ မထူးဆန်းပါဘူး။ ကိုယ်အားပေးတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီရတော့ ပျော်ကြတာပေါ့။ ကိုယ်အားပေးတဲ့ အနုပညာရှင်ရရင် ပျော်မယ်။ တခြားသူ ရရင်လည်း မုဒိတာပွားရမှာပဲ မဟုတ်ပါလား။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာတော့ အနုပညာရှင်တွေရဲ့ ပုံစံ သိသိသာသာ ပြောင်းလဲလာတာကို သတိပြုမိပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ လက်တွဲပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်ခဲ့သူများပင်လျင် ကိုယ့်အလုပ် ကိုယ်လုပ်တော့မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ပြန်လည်မြင်တွေ့လာရပါတယ်။ သိသာထူးခြားတဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်ပါတယ်။

ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပေါင်းပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်ခြင်းရဲ့ ရလာဒ်က ဘာရှိလဲ။ အနုပညာရှင်တွေ ပြောလေ့ ပြောထရှိပါတယ်။ ပရိတ်သတ်များ (ပြည်သူများဟာ) ထမင်းရှင်ပါပဲတဲ့။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဟာ ငါနဲ့ မတူ ငါ့ရန်သူလို သဘောထားပြီး လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့ကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာဟာ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ပယောဂနဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ အနုပညာရှင်များဟာ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပူးပေါင်းပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်တဲ့ အခါကြတော့ မိမိတို့ရဲ့ ထမင်းရှင်ကို ပြန်သတ်တဲ့ သဘောမျိုး ဖြစ်မနေဘူးလား။ အကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ဆက်လက်ပါဝင်ခြင်း မရှိတော့ဘဲ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်နဲ့ အများပြည်ကို ကောင်းကျိုးပြုသွားမယ်ဆိုရင် အကောင်းဘက်ကို ဦးတည်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလိုဖြစ်လာဖို့ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးအနေနဲ့ တော်တော်လေး ကြိုးပမ်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အနုပညာလောကသားများအတွက် များစွာသော ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်။ အားလုံး ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ ဖြောင်းဖျခဲ့ရတယ်။ လမ်းမှန်ပေါ်ကို ရောက်စပြုပြီ။ နောက်နောင်များ ပြည်ဖျက်မိစ္ဆာများနဲ့ ပူးပေါင်းပြီး ပြည်သူကို သေကြောင်းကြံတဲ့ အလုပ်တွေ မလုပ်မိကြပါစေနဲ့လို့ စာရေးသူအနေနဲ့ ထပ်လောင်းပြီး မေတ္တာရပ်ခံလိုပါတယ်။

အနုပညာရှင်များကို ပြည်သူများက အားပေးကြရာမှာ အနုပညာရှင်များ ထောက်ခံအားပေးတဲ့ ပါတီအဖွဲ့အစည်းကို အားပေးထောက်ခံတဲ့ ပြည်သူလည်း ရှိတယ်။ အနုပညာရှင်များနဲ့ နိုင်ငံရေးယုံကြည်ချက်မတူတဲ့အတွက် အခြားသော ပါတီအဖွဲ့အစည်းတွေကို အားပေးကြတဲ့ ပြည်သူတွေလည်း ရှိတယ်။ သို့ပေသော် ဘယ်ပါတီအဖွဲ့အစည်းကို အားပေးထောက်ခံတဲ့ ပြည်သူဖြစ်ဖြစ် အနုပညာရှင်များရဲ့ အနုပညာဖန်တီးမှုတွေကို အားပေးကြတာပဲ။ အဲဒီတော့ အနုပညာရှင်များအနေနဲ့က ကိုယ်ယုံကြည်အားပေးတဲ့ ပါတီအဖွဲ့အစည်းကို အများပြည်သူကလည်း လိုက်ပါ ယုံကြည်အားပေးထောက်ခံရမယ်ဆိုတာမျိုးတော့ လုပ်လို့မရဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကဲ့သို့ ပြည်သူများအပေါ် သေကြောင်းကြံဖို့ မသင့်ဘူး။ ဒါကြောင့် နောက်နောင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပေါင်းပြီး ပြည်သူကို သေကြောင်းကြံတဲ့အထဲ မပါကြဖို့ မေတ္တာရပ်ခံလိုခြင်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာမှာ "အနုပညာရှင်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ စွမ်းဆောင် ရည်ရှိမှုကို ထင်ဟပ်ပေါ်လွင်စေပြီး ပြည်သူကို စေ့ဆော် တိုက်တွန်းမှု အားကောင်းသည့် ဒြပ်ရှိရော၊ ဒြပ်မဲ့ပါရှိသည့် ယဉ်ကျေးမှု ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ယဉ်ကျေးမှုအချင်းချင်း ကူးလူးဆက်ဆံရာ တံတားတစ်စင်းလည်း ဖြစ်ကြောင်း၊ အမြင်အာရုံ၊ အကြားအာရုံ၊ စိတ်ခံစားမှုတို့နှင့် ပေါင်းစပ်ပြီး လူတို့၏ နှလုံးသားကို ရိုက်ခတ်သွားစေ နိုင်ရုံသာမက လူများ၏ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင် သည်အထိ  အစွမ်းသတ္တိများ အလွန်ကြီးမားလှပါကြောင်း၊ အနုပညာရပ် တစ်ရပ်မှ ထုတ်ဖော်ပြလိုက်သည့် အကြောင်းအရာများသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အတွက် အကောင်းရော အဆိုးပါ အကျိုးသက်ရောက်မှု များနိုင်သည့် ယဉ်ကျေးမှု တန်ဖိုးကို ပြသရာရောက်သည့်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍက ပါဝင် နေသည်ဟု ပြောကြားလိုပါကြောင်း။ ထို့ကြောင့် ယခုတက်ရောက်လာကြသည့် အနုပညာရှင်များ အနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်း အောင်းစေရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး ကြရန် အလေးအနက်တိုက်တွန်းပြောကြားလိုကြောင်း။" ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာခြင်း မပြုမီမှာ "ကျွန်တော်တို့ နိုင်ငံတော်နဲ့ နိုင်ငံတော်မီဒီယာအနေနဲ့ အနုပညာရှင်များကို ဘယ်လောက်တန်ဖိုးထားတယ်၊ အလေးထားတယ်ဆိုတာကို ပြသခဲ့တဲ့ ဗီဒီယိုကလစ်ကို ရှုမြင်ခံစား သိနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ယနေ့ ကျင်းပတဲ့ ဒီ ၂၀၂၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အခမ်းအနားကြီးကို ကျွန်တော်တို့ စီမံဆောင်ရွက်တဲ့ အခါမှာ ယနေ့ချီးမြှင့်မယ့် ရွှေစင်ရုပ်ထုနဲ့ ရွှေကြယ်နဲ့ အကယ်ရရှိပြီးသူများကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေစင်ရုပ်ထု ပုံစံငယ် ရင်ထိုးများကို နိုင်ငံတော်က မတည်ပါတယ်။ တပ်မတော် အထူးလေယာဉ်နဲ့ သက်ကြီး အနုပညာရှင်များကို ပို့/ကြို လုပ်ပြီး အုပ်ချုပ်မှုကိစ္စအချို့ကို လည်း စီမံဆောင်ရွက်ခဲ့ကြောင်း ပြောကြားလိုပါတယ်။ ထိုနည်းတူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း ဇာတ်ကားများကို စိစစ်ခြင်း၊ တည်းဖြတ်ခြင်း၊ သတ်မှတ်ခြင်း၊ ဖိတ်ကြားခြင်း၊ အနုပညာလောကသားများ အားလုံးကို သယ်ယူ ပို့ဆောင်ခြင်းနဲ့ တည်းခိုရေးလုပ်ငန်းများ အစစ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ပြောကြားလိုပါတယ်။ ထိုနည်းတူပဲ ကျွန်တော်တို့ရဲ့ မိတ်ဖက်မီဒီယာများအနေနဲ့လည်း ပံ့ပိုးကူညီတာ ရှိပါတယ်။ ယနေ့ MICC-1 မှာ ကျင်းပတဲ့ အခမ်းအနားမှာ Red Carpet နဲ့ စင်မြင့်နဲ့ ရိုက်ကူးရေး၊ မီး အကုန်လုံးကို Forever Group က တာဝန်ယူဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။ နောက် မိတ်ဖက်မီဒီယာများဖြစ်တဲ့ စိန်နန်းတော်ရတနာရွှေဆိုင် ကျန်ခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပါခင်ဗျာ။ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပရစေ။ နိုင်ငံတော်မီဒီယာအနေနဲ့ကတော့ ပြည်သူများ ပြုံးပျော် ကြည်နူးစေဖို့နဲ့ အနုပညာလောကကြီး ကြီးပွားတိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ရိုးသားစွာနဲ့ ဖြူစင်စွာနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ကျွန်တော် ရင်ထဲကနေ လေးလေးနက်နက် ပြောကြားလိုပါတယ်ခင်ဗျာ" လို့ ပြောကြားသွားခဲ့ပါတယ်။ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်ဟာ လိမ္မာရင် ခင်ဗျားတို့အတွက်ပါပဲလို့ ပြောကြားလိုက်ခြင်း ပဲ ဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ရုပ်ရှင်တစ် သက်တာထူးချွန်ဆု ကို ဒါရိုက်တာ အောင်မြင့်မြတ်၊ အကယ်ဒမီ နွဲ့နွဲ့စန်းနှင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုးတို့ရရှိခဲ့ကြပါတယ်။ အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး ပြောကြားသွားခဲ့တဲ့ ကျေးဇူးတင်ဝမ်းမြောက်စကားမှာလည်း အနုပညာရှင်များ လက်ဆက့်ကမ်းအမွေပေးကြဖို့ ကိုယ့်ပညာ ကိုယ်သေသွားတဲ့နောက်ကို တပါတည်း ယူမသွားကြဖို့ ပြောကြားချက်ဟာလည်း မှတ်သားနာယူထိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများ ရရှိမှုအခြေအနမှာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို  “ကံကောင်း” ဇာတ်ကားဖြင့် ဝင်းလွင်ထက်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ကောင်းဆက်ပိုင် (ဂီတမြို့)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို “ဆရာမ (The Teacher)”ဇာတ်ကားဖြင့် အကယ်ဒမီ ဒါရိုက်တာ ညိုမင်းလွင်၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ကံကောင်း” ဇာတ်ကားဖြင့် ခေတ္တိယရုပ်ရှင်ထုတ်လုပ်ရေး၊ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မုန်းခွင့်” ဇာတ်ကားဖြင့် မေမြင့်မိုရ်၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ် ကားဖြင့် နေဝင်း၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “ ဘယ်တော့မှ အရှုံး မပေးဘူး” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် စိုးမြတ်သူဇာ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကယ်ဒမီများရှင် ရန်အောင် တို့က ရရှိခဲ့ကြပါတယ်။

အကဲဖြတ် ဒိုင်များက စိစစ်ရွေးချယ်ပေးအပ်ရာမှာ ရန်အောင် ရလို့၊ စိုးမြတ်သူဇာ ရလို့ ဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရေးသားပြောဆိုကြတာကို တွေ့ရပါတယ်။ ရန်အောင် ဟာ နိုင်ငံအကျိုးပြုဇာတ်ကားမှာ ရခဲ့တယ်။ ထိုက်ထိုက်တန်တန် ရတဲ့ဆုလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံကို အကျိုးပြု၊ ပြည်သူလူထုကို ပညာပေးတဲ့ ဇာတ်ကားမျိုးတွေ ထိုက်ထိုက်တန်တန် ရွေးချယ်ပေးခြင်းမျိုး မရှိဘူးဆိုရင် ယနေ့ အနုပညာလောကမှာ သရုပ်ပျက် ဇာတ်လမ်းတွေ များစွာ ထွက်ပေါ်နေတယ်။ ဒီရေစီးကြောင်းနောက်ကိုပဲ အားလုံးမျောပါကုန်ကြလိမ့်မယ်။ နိုင်ငံအကျိုးပြု ဇာတ်ကားများကို အသေအချာ စိစစ်ရွေးချယ်ပေးအပ်တော့မှသာ ထုတ်လုပ်သူ၊ သရုပ်ဆောင် အားလုံးက အကယ်ဒမီအတွက်ဆိုရင် နိုင်ငံအကျိုးပြု၊ အများပြည်သူအသိပညာပေးတွေ များများ ထုတ်လုပ်လာကြမယ်။ ပိုပြီး အကျိုးများပါတယ်။

နိုင်ငံတော်က အကယ်ဒမီပေးပွဲကို ကမကထလုပ်ပြီး ကျင်းပပေးတာပဲ ရှိပါတယ်။ ဆုများအတွက် ရွေးချယ်တဲ့နေရာမှာ အနုပညာလောကသား အကဲဖြတ် ဒိုင်လူကြီးမင်းများကသာ ရွေးချယ်ပေးခြင်း ဖြစ်ပါတယ်။ တချိန်က အကြမ်းဖက်လှုံ့ဆော်ခဲ့လို့ ဆိုပြီးတော့လည်း နိုင်ငံတော်က ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ လက်တွဲပြီး အကြမ်းဖက်လှုံ့ဆော်ခဲ့တဲ့သူတွေကိုလည်း သူတို့ဖန်တီးတဲ့ အနုပညာ ရသမြောက်လို့ အကဲဖြတ်ဒိုင်များက ရွေးချယ်ပေးအပ်သည့် နိုင်ငံတော်က စိုးမိုးခြယ်လှယ် ကန့်သတ်ခြင်းမရှိဘဲ ဆုများ ပေးအပ်ခဲ့တာကို ထောက်ရှုခြင်းအားဖြင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲ ဟာ အပြုသဘောဆန်ပြီး အားလုံး ဝမ်းမြောက် ပျော်ရွှင်ဖြစ်ကြမယ့် အခမ်းအနားပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)