ကမ္ဘာတည်သရွေ့ အမိမြေ ခိုင်ခိုင်မြဲရေး ကြိုးစားကြရမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာတည်သရွေ့ အမိမြေ ခိုင်ခိုင်မြဲရေး ကြိုးစားကြရမယ်

 


 

ရာသီအလိုက် ပန်းများဖူးပွင့်ရာ၊ စိမ်းလန်းသောတောင်တန်းများ တည်ရှိရာ၊ မြစ်ချောင်း အင်းအိုင်များ များစွာတည်ရှိရာ၊ သဘာဝသယံဇာတများကြွယ်ဝရာ အမိနိုင်ငံတော်ကြီးသည် အနှိုင်းမဲ့ပင်။ အမိမြန်မာနိုင်ငံသည် နိုင်ငံသားများ အေးချမ်းစွာရှင်သန်နေထိုင်နိုင်ရန် ပြည့်စုံစွာတည်ရှိနေသည်။ ကမ္ဘာတွင် မြန်မာတည်ရှိနေမှုကို လေ့လာသည့်အခါ ပထဝီအနေအထားအရ ကမ္ဘာကြီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပေါင်းကူးပေးထားသည့် အရှေ့တောင်အာရှတွင် မဟာဗျူဟာကျကျ တည်ရှိနေသည်။ ထို့အတူ အာရှတိုက်တောင်ပိုင်း အိန္ဒိယနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်အကြား၌လည်း တည်ရှိနေသည်။


ကမ္ဘာ့မြေပေါ်တွင် ပထဝီအနေအထားအရ နိုင်ငံတည်ရှိနေမှုကို ပြုပြင်ပြောင်းလဲ၍မရပေ။ မဟာဗျူဟာကျကျ တည်ရှိနေသည့် မြန်မာတွင် မဟာဗျူဟာကောင်းများ အစဉ်တည်ရှိနေရမည် ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတိုင်းသည် ခိုင်မာတောင့်တင်းနေရမည် ဖြစ်သည်။ သို့မှသာ ကမ္ဘာတည်သရွေ့ ဒါ.. တို့ပြည်၊ ဒါ.. တို့မြေ၊ တို့တိုင်းရင်းသားများ ပိုင်သည့်မြေဟု ကြွေးကြော်နိုင်မည်ဖြစ်သည်။


စည်းလုံးမှုအင်အားကို အမြဲအမှတ်ရနေရမည်


ထို့အတွက် လက်ရှိရှင်သန်နေထိုင်ကြသည့် သွေးချင်းသားချင်း နိုင်ငံသားတိုင်းက အားလုံးစုစည်းပိုင်ဆိုင်ရာ အမိနိုင်ငံတော်ကို အနာဂတ်မျိုးဆက်များအထိ လက်ဆင့်ကမ်းနိုင်ရန် ကာကွယ်စောင့်ရှောက်သွားရမည် ဖြစ်သည်။ အမိမြေလုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်သာ။ “အဖိုးအိုနှင့် သားသုံးယောက်” ပုံပြင်က ပေးသည့် စည်းလုံးမှုအင်အားကို အမြဲအမှတ်ရနေ ရမည်ဖြစ်သည်။


သို့မဟုတ်ဘဲ ပြည်တွင်းစည်းလုံးမှုကို ပြိုပျက်စေမည့် ကိစ္စရပ်များဆီသို့ ဦးတည်နေပါက နိုင်ငံ့ရေးရာကိစ္စအဝဝသည် ခက်ခဲသောလမ်းကြောင်းပေါ်တွင် တည်ရှိနေလိမ့်မည်။ နိုင်ငံ့အရေးအရာများ ခိုင်မာတောင့်တင်းမှုမရှိပါက ပြည်ပအန္တရာယ်များ ဝင်ရောက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများထဲမှ ပြိုကွဲအောင် ဖြိုခွဲခံလိုက်ရသည့် နိုင်ငံကြီး၊ နိုင်ငံငယ်များ၏ သာဓကဖြစ်ရပ်များကို အမြဲဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။


ထို့ကြောင့် နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များကို အနာဂတ်မျိုးဆက်များအထိ ရေရှည်အစဉ်အဆက် ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းကာ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေအာဏာတည်သည့် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်ပြီးဖြစ်သည်။


သို့သော် တိုင်းပြည်နှင့် လူမျိုး ပြိုစေ၊ ပျက်စေ၊ ခက်ခဲစေ ရည်ရွယ်လုပ်ဆောင်နေသည့် ပြည်ဖျက် မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ယင်းဥပဒေများကို ကြိုဆိုမှုမရှိ။ ပြည်သူများထံ ကောလာဟလ သတင်းများကိုသာ ဆက်တိုက်ဖြန့်ဝေလျက်ရှိသည်။


ကောလာဟလ သတင်းများကတော့ စေ့စုံလှ


ဥပဒေအာဏာတည်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားသည်မှာ ရက်ပိုင်းသာရှိသေးသော်လည်း ကောလာဟလသတင်းများကတော့ စေ့စုံလှသည်။ ဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ပြည်သူအများစု ရှင်းလင်းသေချာစွာ မသိသေးသည့် အချိန်ကာလကို ပြည်ဖျက်မီဒီယာများက ကောင်းစွာအသုံးချသည်။ ယနေ့ဥပဒေထုတ်၊ မနက်ဖြန် စစ်မှုထမ်းရတော့မည့်သယောင် ချဲ့ကားရေးသားကြသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့် ဆက်နွှယ်ကာ အများပြည်သူ ပြည်ပထွက်ခွာခွင့်များ ကန့်သတ်သယောင် ဖြန့်ဝေကြသည်။


အမှန်မှာမူ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုအကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန် စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန် ဆောင်ရွက်ထားခြင်းမရှိကြောင်း အသိပေးကြေညာပြီးဖြစ်သည်။


တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်


ဥပဒေတစ်ရပ်ကို တိကျသည့် ရည်ရွယ်ချက်၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတ်မှတ်ချက်၊ လုပ်ထုံး လုပ်နည်းများနှင့် ကန့်သတ်ချက်များ စသည်ဖြင့် တိတိကျကျ ရေးဆွဲပြဋ္ဌာန်းရသည်။ ပြဋ္ဌာန်းထားသည့် ဥပဒေ၏အခွင့်အရေးကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည်။ ဥပဒေအရ အကာအကွယ်ပေးမှုကို နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည်။ ထို့အတူ ဥပဒေပါ သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းများနှင့် ကန့်သတ်ချက်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်သည်။ ယခု ပြည်သူ့စစ်မှုထမ်းဥပဒေသည်လည်း ယင်းကဲ့သို့ ရေးဆွဲပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လူကြီးလူငယ်မရွေး တိုင်းရင်းသားပြည်သူအားလုံး သိနားလည်ရန်၊ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။


၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့်သူ အနည်းဆုံး ၁၃ သန်းရှိကြောင်း ထုတ်ပြန်ထားသည်။ သို့သော် တစ်နှစ်လျှင် စစ်မှုထမ်းရန်ခေါ်နိုင်သည့် လူဦးရေ၊ တာဝန်ကို ထမ်းဆောင်မည့်သူများကို အဆင့်အလိုက်၊ အရည်အချင်းအလိုက် ပေးအပ်ရမည့် လစာ၊ ရိက္ခာ၊ ခံစားခွင့်များ၊ သင်ကြားပေးရမည့် နိုင်ငံတော်ကာကွယ်ရေးပညာရပ်များ စသည်ဖြင့် လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများကို ဆောင်ရွက်ရဦးမည်ဖြစ်သည်။ ပြီးမှသာ စနစ်တကျ တာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်မည့်သူများသည် သင်တန်းပြီးစီးပါက မိမိရပ်ရွာဒေသရှိ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင်သာ အဓိကတာဝန် ထမ်းဆောင်စေရန်ရည်ရွယ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားထားပြီး ဖြစ်သည်။


“အဓိက စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန် ထမ်းဆောင်ရမယ်။ လုံခြုံရေး၊ ကာကွယ်ရေး အသိပညာတွေကို ပြည်သူထဲမှာ ပျံ့နှံ့သွားအောင်၊ နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာ ကြွယ်ဝသော၊ မိမိနိုင်ငံကို မိမိအင်အားတောင့်တင်း စွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော၊ မိမိရဲ့လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းထားသည်။


ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀-၂-၂၀၂၄ ရက်နေ့က ထပ်မံအသိပေး ပြောကြားရာတွင် “နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျ အကျုံးဝင်တဲ့အလျောက် တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးရင် ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည်လည်း ရှိလာမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့မှာ ရှင်းလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။


ပြည်သူများအနေဖြင့် ဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည့်အချက်များကို ဆက်သွယ်မေးမြန်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ထို့ကြောင့် ပြည်သူများက သိရှိလိုသည်များကို သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းခြင်း၊ တရားဝင်ထုတ်ပြန်ချက်များနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များကို စောင့်ကြည့်လေ့လာခြင်းတို့ဖြင့် မဟုတ်မမှန် ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းမှား၊ သတင်းတုများကို ပါဝင်တွန်းလှန်ကြစေလိုပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။     ။


ရဲယံ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)