သားသမီးမကောင်းမိဘခေါင်းနှင့် အကျိုးစီးပွားအခြေခံအဂတိကပ်ဆိုက်မှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သားသမီးမကောင်းမိဘခေါင်းနှင့် အကျိုးစီးပွားအခြေခံအဂတိကပ်ဆိုက်မှု


အဂတိသည် ဆင်းရဲမွဲတေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းများ၏ အကြောင်းတရားများအနက် တစ်ခုဟု ဆိုကြသည်။ သို့သော် ၎င်းအဂတိသည် ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများတွင်လည်း အဘယ့်ကြောင့် အမြစ်တွယ်လှိုက်စားတတ်သော မကောင်းမှုကြီးတစ်ခု ဖြစ်နေရပြန်သနည်း။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဂတိနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်မှုမရှိလေဟန် နားလည် နေကြသော်လည်း ဒီမိုကရေစီနှင့် လစ်ဘရယ်ဆန်သော အနောက်နိုင်ငံများတွင် အဂတိကို အားနည်းချက်တစ်ခုအဖြစ် ပြည်သူလူထုက ရွံရှာစက်ဆုပ်လာနေကြသည်ကို သတိထားမိလာကြသည်။ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှာ အဂတိ ကင်းသည့်လူ့ဘောင် တစ်ရပ်အဖြစ် ကြွေးကြော်လျက်ကပင် အဂတိတရားများကား ထူပြောလာနေသည်။


အဂတိတရား၏အကျိုးဆက်

ချမ်းသာသည်ထက် ချမ်းသာလိုသူ၊ အာဏာကို ထပ်ကာထပ်ကာ ဆုပ်ကိုင်ထားချင်သူများ သည်လည်း လူထဲကလူတွေပင်ဖြစ်၍ အဂတိတရားနှင့် ဘယ်လိုကင်းနိုင်ကြမည်လဲ၊ အထူးသဖြင့် အနောက်တိုင်းနိုင်ငံ့ခေါင်းဆောင်များထဲမှ အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် သူ့မိသားစု၊ သူ့သားဟန်တာဘိုင်ဒင်တို့ သားအဖ အရှုပ်တော်ပုံကို ဥပမာပြချင်သည်။ အဂတိတရားဆိုရာတွင် လာဘ်ပေးလာဘ်ယူ သာမက ဘက်လိုက်မှု၊ မျက်နှာလိုက်မှု၊ မမျှတမှုများလည်း ပါဝင်သည်။ ကျင့်ဝတ်အားနည်းမှုနှင့်အဂတိဆက်စပ်မှုကို ဘိုင်ဒင်တို့သားအဖမှာ တွေ့ရသည်။ တရားမဝင်တာကို တရားဝင်အောင်လုပ်ခြင်းသည်ပင် အဂတိဖြစ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

ဘိုင်ဒင်လို နိုင်ငံ့ခေါင်းဆောင်ပိုင်းက အဂတိတစ်ခုခုနှင့် မကင်းသည့်အခါ နိုင်ငံလည်း ကံဆိုး မိုးမှောင်ကျရပုံကို ကွက်ကွက်ကွင်းကွင်း မြင်လာရသည်။ ကိုယ့်ဆွေမျိုး၊ ကိုယ်နှစ်သက်သူကို လိုလိုလားလားအကျိုးဆောင်ပေးခြင်း၊ ကိုယ်မချစ်သည့်သူဆို အငြိုးအတေးထားပြီး လုပ်သင့်သည်ကို မလုပ်ပေးမိခြင်း၊ ခြိမ်းခြောက်ခံရ၍ လုပ်လိုက်ရခြင်း၊ အဂတိကို အဂတိမှန်းမသိလေခြင်း၊ မသိ၍လုပ်မိခြင်း အားလုံးယနေ့အမေရိကန်နိုင်ငံရေးလောကမှာ ထင်ထင်ရှားရှား တွေ့လာနေရသည်။

ဘိုင်ဒင်သည် အမေရိကန်နိုင်ငံ့နှင့် နိုင်ငံသားတို့၏စံပြ၊ ဒီမိုကရေစီ၏ တန်ဖိုးထိုက်သူတစ်ဦး အဖြစ် ဖြစ်သင့်သော်လည်း ယခုအနေအထားမှာ ထိုသို့ဟုတ်ပုံမရ၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများကြောင့် ဘိုင်ဒင်၏ နိုင်ငံရေးခရီးလမ်းဆုံးရောက်ရမည့် အခြေအနေများနှင့် လာမည့်ရွေးကောက်ပွဲ ၂၀၂၄ GE မှာ ဒီမိုကရက်တစ်ပါတီ အခြေမလှ ဖြစ်ရမည့် အခြေအနေများကို တွေ့မြင်နေရသည်။ သားဖြစ်သူဟန်တာ၏ ဆန္ဒာဂတိများ အပေါ်မှာ တာဝန်ယူရမည့် အနေအထားများကြောင့် သားသမီးမကောင်း မိဘခေါင်းဆိုသလို နာမည်ပျက် ရသည့်အနေအထား ရောက်လာရသည်။

ပြိုင်ဘက်ရီပတ်ဘလစ်ကင်နှင့် ထရမ့်အပေါ်မှာ မနာလိုဝန်တိုမှုနှင့် သည်းမခံနိုင်ခြင်းတို့က အမေရိကန်သမိုင်းတစ်လျှောက် တစ်ခါဖူးမှမကြုံဖူးသော နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲသွားစေသည်။ အဂတိက အမေရိကန်တို့ကို အကြောက်တရားနှင့် အမုန်းတရားကို ဖြစ်စေသည်။ ကမ္ဘာ့အလယ်မှာ အမေရိကန်နှင့် ဒီမိုကရေစီ ဂုဏ်သတင်းများမှေးမှိန်ရပြီး အင်အားကြီးသူအဖြစ် မှလျှောကျ၊ လေးစားမှုတန်ဖိုးများ ဆုံးရှုံးနေရသည်။


ဟန်တာဘိုင်ဒင်၊ ယူကရိန်းနှင့် တရုတ် CNOCC အကြား ဆက်စပ်မှု

ယနေ့ အမေရိကန်နိုင်ငံ၏ အဂတိဗဟိုချက်အဖြစ် အမေရိကန်ပြည်သူတို့၏ အာရုံသည် သမ္မတဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်အပေါ် ပုံကျလာသည်ကိုတွေ့နေရသည်။ ယူကရိန်းစစ်ပွဲက သားဟန်တာ၏ အဂတိဖြစ်မှုကို ပိုမိုခိုင်မာသွား စေသည်ဟုဆိုကြပြီး ရုရှားနှင့်စစ်ဖြစ်မည့် proxy ကို ယူကရိန်းကို ရွေးချယ်ခဲ့ခြင်းကပင် ဟန်တာတို့ သားအဖ၏ ယူကရိန်းနှင့် ဆက်စပ်နေသည့် အဂတိကြောင့်ဟု ယူဆဖွယ်ရာ Conspiracy theory တစ်ခု ပေါ်ပေါက်ခဲ့သည်မှာ သတိထားစရာဖြစ်သည်။ ထိုသီအိုရီအမှားများကိုအခြေခံ၍ သမ္မတဘိုင်ဒင်နှင့် သူ့သားအပေါ် ပြစ်တင်ဝေဖန်မှုများကို ဖန်တီးသူများဟု စွပ်စွဲခံရသည့် ယူကရိန်းနိုင်ငံရေးသမားများကိုလည်း ယူကရိန်းထောက်လှမ်းရေးက ဖမ်းဆီး အရေးယူထောင်ချပြီး အပြန်အလှန်နှိပ်ကွပ်နေကြသည်။

အမေရိကန် FBI သတင်းပေးတစ်ဦးသည် လိမ်ညာသတင်းပေးဖြန့်ဝေမှုအတွက် ယခုနှစ်အတွင်း အရေးယူခံခဲ့ရသည်။ အရေးယူခံရသူများသည် ရုရှားထောက်လှမ်းရေးအဖွဲ့ GRU ၊ သမ္မတ ဟောင်းထရမ့်ကို ထောက်ခံသူများ၊ အမေရိကန် သတင်းဂျာနယ်လစ်များနှင့် ကွန်ရက်ဖန်တီး၍ အပေးအယူလုပ်ခဲ့ကြပြီး ဘိုင်ဒင်နှင့် ယူကရိန်း ဆက်နွှယ်မှုကို ဖော်ထုတ်ခဲ့ကြသူများဖြစ်သည်။ မှန်သည်၊ မမှန်သည်အပထား ယခုလိုအဖြစ်အပျက်များ ထွက်ပေါ်လာရခြင်း၏ အတိတ်အကြောင်းအရာများကတော့ အမှန်တကယ်ရှိခဲ့ပါသည်၊၊

၂၀၁၄-၂၀၁၅ ခုနှစ်ခန့် ထိုစဉ်က ဂျိုးဘိုင်ဒင်က ဒုသမ္မတ၊ ယူကရိန်းမှာ အမေရိကန်အကူအညီဖြင့် လာဘ်စား၊ ခြစားသည့် ဒီမိုကရေစီအစိုးရတစ်ရပ်ကိုတော်လှန်ရေးဆင်နွှဲ၍ ဖြုတ်ချအပြီးမှာ နောက်တက်လာသည့် အစိုးရအောက်တွင်ရှိသည့် ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ Burisma ဘုတ်အဖွဲ့မှာ သူ့သားဟန်တာဘိုင်ဒင်နှင့် ဟန်တာ၏အသိ စီးပွားရေးလုပ်ငန်းရှင် ဒေဗွန်အာချာ တို့နှစ်ဦး ပါဝင်ပတ်သက်ရာမှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်၊၊ ထိုစဉ်က ဒုသမ္မတဘိုင်ဒင်ကိုယ်တိုင် ယူကရိန်းသို့သွားပြီးမှ ဘုတ်အဖွဲ့မှာ သူ့သား၏ ပါဝင်ပတ်သက်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ပေကျင်းနှင့် ကာဇက်စတန် ဓာတ်ငွေ့တူးဖော်ရေးကိစ္စတွင် ထိုကုမ္ပဏီအနေဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရအောင်လုပ်ရာမှာ ဟန်တာတို့က အဓိကဇာတ်ဆောင် များဖြစ်ခဲ့သည်။

ဘုတ်အဖွဲ့တွင် ပါဝင်မှုနှင့်ပတ်သက်၍  ဟန်တာနှင့် အာချာတို့သည် ယူကရိန်းအစိုးရအဖွဲ့ကို လာဘ်ထိုးခဲ့ကြသည်။ တရားမဝင်ငွေပေးငွေယူကိစ္စများ ကိုယ်တိုင်ပြုလုပ်ခဲ့ကြသည်။ အဂတိမကင်းသည့်အစိုးရကိုဖြုတ်ချခဲ့သည့် ယူကရိန်းအစိုးရသစ်သည် အဂတိနွံမှ ယနေ့ထိတိုင် ရုန်းမထွက်နိုင်သည်မှာ ဘိုင်ဒင်တို့သားအဖစနက်ကြောင့်လည်း ပါနိုင်သည်။ ဘိုင်ဒင်ဒုသမ္မတဘဝမှာ ယူကရိန်းကုမ္ပဏီကို စုံစမ်းစစ်ဆေးသည့်ကိစ္စနှင့်ပတ်သက်၍ ယူကရိန်း အစိုးရကို ခြိမ်းခြောက်ဖိအားပေးခဲ့ဖူးသည်။ အဂတိကင်းသည့် ယူကရိန်းအစိုးရဖြစ်လာရေး အမေရိကန်၏ ကြိုးပမ်းမှုများမှာ ဘိုင်ဒင်တို့သားအဖကြောင့် ကမောက်ကမဖြစ်ကုန်သည်ဟု ဆိုရမည်ဖြစ်သည်။

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားသည့်ကုမ္ပဏီတစ်ခုနှင့် တရားမဝင်အလုပ်လုပ်နေသည့် သားအပေါ်မှာ သူ့ဖခင်နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဘာကြောင့်မသိခဲ့၊ မတားခဲ့ပါသလဲ။ ဟန်တာဘိုင်ဒင်သည် ကာဇက်စတန်ရှိ တရုတ်ကုမ္ပဏီ CNOCC နှင့် အကျိုးတူ ပူးပေါင်းလုပ်ခဲ့သည်။ အဂတိအမှုနှင့် သစ္စာဖောက်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ကာဇက်စတန်ဝန်ကြီးချုပ်ဟောင်းနှင့်လည်း သူငယ်ချင်းဖြစ်ခဲ့ဖူးသည်။

တရုတ်ကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင်များကို ယူကရိန်းကုမ္ပဏီတွင် ပါဝင်စေခြင်းဖြင့် တရုတ် အကျိုးစီးပွားတိုးတက်ရေး၌ ဟန်တာ၏ ပါဝင်ပံ့ပိုးမှုများရှိလာခဲ့ပြီး အခွန်ရှောင်ခြင်းနှင့် ငွေကြေးခဝါချမှုများလည်းရှိခဲ့ကြောင်း အထောက်အထားများ ရရှိနေပုံရသည်။ အမေရိကန်အကျိုးစီးပွားအတွက်ကိုမူ ဆုတ်ယုတ်မှုများဖြစ်စေခဲ့ကြောင်း အထောက် အထားများ ပေါ်ထွက်လာခဲ့ရာ ထိုကျူးလွန်မှုများသည် နိုင်ငံတော်ကို သစ္စာဖောက်သည့် ကျူးလွန်မှု များပဲမဟုတ်ပါလား။

ယခုလတ်တလော သတင်းတစ်ခုတွင်ပင် လွန်ခဲ့သော သုံးရက်ခန့်က အမေရိကန် CBS အထက်တန်း အမျိုး သမီးသတင်းထောက် ကက်သရင်းဟာရခ်ျဆိုသူအလုပ်မှထုတ်ပယ် ခံလိုက်ရသည့် သတင်းတစ်ခု ထွက်လာသည်။ ထိုအမျိုးသမီးသည် သမ္မတဘိုင်ဒင်၏ အဂတိအမှု ကို လိုက်လံစုံစမ်းနေသူဖြစ်သည်။ သမ္မတနှင့် အင်တာဗျူးအပြီးမှာ ၎င်း၏မှတ်တမ်းဖိုင်များ၊ အထောက်အထားသက်သေများ သိမ်းဆည်းခံခဲ့ရပြီး ယခုလို အလုပ်မှသံသယဖြစ်ဖွယ် ထုတ်ပယ်ခံလိုက်ရခြင်းအပေါ် မေးခွန်းများစွာပေါ်ထွက်လာနိုင်ခြေလည်းရှိနေသည်။


နိုင်ငံသားကောင်းပီသသောခေါင်းဆောင်နှင့် ကောင်းမွန်သော ပင်ကိုစရိုက်ရှိသင့်

ဂျိုးဘိုင်ဒင်သည် သူ့သားနှင့်အတူ အဂတိမကင်းသည့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်မှု တင်မက သူကိုယ်တိုင်လည်း နိုင်ငံအချို့ရှိ အဂတိကိစ္စများမှာ ထင်ပေါ်သည့် လုပ်ငန်းရှင်များနှင့်လည်း မကင်းရာမကင်းကြောင်း ငြိစွန်းမှုများရှိခဲ့ကြောင်း သိရပါသည်။ ထိုကဲ့သို့ပတ်သက်မှုများ မှတစ်ဆင့် ၂၀၁၅ ခုနှစ်မှာ ရိုမေးနီးယားစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆီမှ ဒေါ်လာသုံးသန်း၊ တရုတ်ရှန်ဟိုင်း အုပ်စု CEFC မှ ဒေါ်လာရှစ်သန်းခန့်၊ ယူကရိန်းမှ ဒေါ်လာ ၆ ဒသမ ၅ သန်း၊ ရုရှားစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး ယဲလီနာ ဘာကျူရီနာထံမှ ရို့စ်မောင့်ဆီနီကာ ကုမ္ပဏီမှတစ်ဆင့် ဒေါ်လာ ၃ ဒသမ ၅ သန်း စသည်ဖြင့် လက်ခံရရှိခဲ့ဖူးသည်ဟုဆိုသည်။

ဘိုင်ဒင်တို့သားအဖနှင့်ပတ်သက်သူ နိုင်ငံရေးသမားများနှင့် လုပ်ငန်းရှင်တိုင်းသည် သက်ဆိုင်ရာ ယူကရိန်း၊ ကာဇက်စတန်၊ ရိုမေးနီးယား၊ ရုရှားစသည့်နိုင်ငံတို့မှာ အဂတိအမှုများနှင့် မကင်းသူများ ဖြစ်နေကြပြီး အချို့မှာအရေးယူခံကြရသူများဖြစ်သည်။ ထိုနိုင်ငံများနှင့် ပတ်သက်ရာကုမ္ပဏီများမှာ ဟန်တာဘိုင်ဒင်သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်ချည်းဖြစ်သည်။ ယခုအခါ ဘိုင်ဒင်တို့မိသားစုမှာ ချမ်းသာနေသလောက် အမေရိကန်ပြည်သူများ၏အကြွေးက ဒေါ်လာ ၃၄ ဒသမ ၂၆ သန်းအထိ အလျင်အမြန်ကြီးထွားနေသည်ကိုလည်း သတိထားမိသည်။

နိုင်ငံ့ခေါင်းဆောင်နှင့် မိသားစုများအပါအဝင် နာမည်ကြီး အထင်ကရအသိုင်းအဝိုင်းများသည်  ပြည်သူများနှင့် လူငယ်များအတွက် ထာဝရစံပြ ပုဂ္ဂိုလ်များဖြစ်သင့်ပါသည်။ နိုင်ငံသားကောင်းပီသမှုနှင့် ကောင်းမွန်သောပင်ကိုစရိုက်များသည် ၎င်းတို့ ကိုယ်စားပြုသော နိုင်ငံသားများအတွက် အတုယူစရာ ဖြစ်သင့်ပါသည်။ သမ္မတဘိုင်ဒင်၏သား ဟန်တာအနေဖြင့် အရက်အလွန်အကျွံသောက်သုံးမှုနှင့် ဆေးလိပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူမှုရေး ဆိုင်ရာ မသင့်လျော်သော အပြုအမူများနှင့် တရားမဝင်လိုင်စင်မဲ့ သေနတ်လက်နက်ကိုင်ဆောင် မှုများက အမေရိကန်လူငယ်များအတွက် စံပြဖြစ်ခဲ့ပုံမရဘဲ အတုယူစရာလည်း မဖြစ်ခဲ့ဟု ဆိုနိုင်ပါသည်။

သမ္မတဘိုင်ဒင် ကိုယ်တိုင်ပင်လျှင် သူ့သား၏ မလျော်သော အပြုအမူများကို မထိန်းကျောင်းနိုင်၊ ပြုပြင်နိုင်ခြင်းမရှိ၊ နိုင်ငံကိုယ်စားပြုသူက မိခင်နိုင်ငံတော်၏ အကျိုးစီးပွား ပဋိပက္ခနွံအတွင်းမှာ သားဖြစ်သူ၏ အဂတိမှုများကို လျစ်လျူရှုခြင်းသည် နှစ်ဖက်ပဋိပက္ခကို ပို၍ဆိုးရွားစေပြီး ဘက်လိုက်မှုများကို ဖြစ်စေသည်ဆိုသောအချက်ကို မသိမမြင် နိုင်လောက်အောင် အသိဉာဏ်နည်းလွန်းလှသည် ဟုသာ ဆိုရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သမ္မတဘိုင်ဒင်နှင့် ဟန်တာတို့အပေါ် အဂတိအခြေခံ စွပ်စွဲပြောဆို ဝေဖန်မှုများမှာ မပြေးသော်ကန်ရာရှိ ဆက်လက်ကျရောက်နေဦး မည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အကျိုးစီးပွားအခြေခံ၍ အဂတိတရားများဖြစ်ပေါ်လာနိုင် ပုံနှင့်အတူ အကျိုးစီးပွားပဋိပက္ခနှင့် အဂတိတရား ဆက်စပ်မှုများကို သင်ခန်းစာယူရပါမည်။ လက်ရှိ သမ္မတဘိုင်ဒင်နှင့် သူ့သားဟန်တာဘိုင်ဒင်တို့၏ အကျိုးစီးပွား လုပ်ပိုင်ခွင့်များအပေါ် မသိကျိုးကျွန်ပြုမှုနှင့် စီးပွားရေးလုပ်ငန်းများတွင် တရားမဝင် အပေးအယူ ပြဿနာများက ယနေ့အမေရိကန်၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုများရှိနေပြီး အကျိုးဆက်အတိုင်း အဆကို မှန်းဆရခက်ပါသည်။

FBI နှင့် အထက်လွှတ်တော်၏ လက်ရှိစုံစမ်း စစ်ဆေးနေမှုများအရ အဂတိမှုများစွာကို ရင်ဆိုင် နေရသည့် သားဟန်တာဘိုင်ဒင်ကြောင့် သမ္မတ ဘိုင်ဒင်အပေါ် ပြည်သူက လူကြိုက်နည်းလာမှု၊ သူကိုယ်စားပြုသော ဒီမိုကရက်တစ်ပါတီ၏ ဩဇာကျဆင်းမှုမှ ယနေ့အမေရိကန်လူထုကသူတို့ နိုင်ငံကြီး၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးများအပေါ် အယုံအကြည်ကင်းမဲ့လာနေမှုများကို တွေ့မြင်နေရသည်။ ကမ္ဘာကြီးကို ကိုယ်စားပြုသည်ဆိုသော ဒီမိုကရေစီစနစ်ကြီး တဖြည်းဖြည်းဆုတ်ယုတ်လာမှုတွင် ယနေ့ အမေရိကန် နိုင်ငံရေးသမားများ အထူးသဖြင့် ခေါင်းဆောင်ပိုင်း၏အတ္တ၊ မှားယွင်းသော အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များ ကြောင့်လည်း ပါဝင်သည်။

အဂတိသည် လူတစ်ယောက်၏ အတွေးအခေါ်နှင့် လုပ်ဆောင်ချက်ကို ကမောက်ကမ ဖြစ်သွား လောက်အောင် စွမ်းအားကြီးပုံကို သင်ခန်းစာ ယူနိုင်ပါသည်။ အမေရိကန်သမိုင်းမှာ ပါတီနှင့် ပြည်သူ များနှစ်ခြမ်းကွဲ၊ အမုန်းနှင့် အာဃာတအပြန်အလှန် လက်စားချေမှုများဖြင့် အကျည်းတန်လာသည်ကို တွေ့နေရသည်။ မိမိနိုင်ငံ၏ အကျိုးစီးပွားကို ပျက်ပြားစေပြီး ရန်သူနိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်း အောင်လုပ်မိသည့် သစ္စာဖောက်မှုအပြစ်မျိုးကို သက်ဆိုင်ရာနိုင်ငံနှင့် ပြည်သူများအနေဖြင့် မည်သို့မျှ ခွင့်လွှတ်နိုင်စရာရှိမည်ဟု မထင်ပါ။           ။


 မြင့်မြတ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)