ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ပြောကြား



MNP ၊ ဖေဖော်ဝါရီ ၁၆

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကိုချမှတ်၍ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများ အားလုံးအနေဖြင့် စနစ်တကျ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်သစ်၊ ခွန်အားသစ်များဖြင့် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်၏စီးပွား ရေးဦးတည်ချက် (၃)ရပ်တွင် ပါဝင်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေး၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို နိုင်ငံတော်မှအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ရန် လိုအပ်ပါကြောင်း။

သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များတွင် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် အရင်းအနှီးလိုအပ်သဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် ချောမွေ့စေရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် စုစုပေါင်းသွင်းအားစုများ၏ ထုတ်လုပ်နိုင်မှုစွမ်းအား (Total Factor Productivity -TFP)၊ လိုအပ်သဖြင့် နိုင်ငံတကာ၏ အရင်းအနှီးတည်ဆောက်မှု ပုံစံများကိုလေ့လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ရှိပြီးဖြစ်သောအရင်းအနှီးနည်း လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးတတ်နိုင်သူများအား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပါဝင်လာစေရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်သော MSMEs လုပ်ငန်းများ တိုးတက်စေရေးအတွက် စွန့်ထွင်ဦးစီးသူများ (Entre-preneurs)၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်လိုသူများ (Investors) နှင့် အရင်းအနှီးရှိသူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးမည့် ကနဦးစတင်သည့်ဌာန (Start Up Center) ကို မိမိတို့ဝန်ကြီး ဌာနတွင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာန၏ လုပ်ငန်းလမ်းညွှန် (Terms of Reference- TOR) နှင့်ချိတ်ဆက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လာမည့်ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံအပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ ဖွံ့ဖြိုးမှုစီမံခန့်ခွဲရေးနှင့် ပူး‌ပေါင်းဆောင်ရွက်ရေး၊ နိုင်ငံခြားပညာသင်ကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများကို တင်ပြဆွေးနွေးသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အရည်အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ အလားအလာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ကြုံတွေ့နေရသည့်အခက်အခဲများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေး ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)