ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ









ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် အငြိမ်းစားပါမောက္ခချုပ်များက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ငွေရတုအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာပေကမ္ဘာလုံးနှင့် ရေလှိုင်းပုံစာအုပ်ပြပွဲ၊ တက္ကသိုလ်ဘာသာရပ်ဌာန(၁၅)ခု၏ ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များက လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ တက္ကသိုလ်ကျောင်းသားကျောင်းသူလေးများက အဖွင့်သီချင်းဖြင့် ဖျော်ဖြေကြပြီး ငွေရတုအထိမ်းအမှတ် ဧကပိုဒ်ရတုကို ဖတ်ကြားဂုဏ်ပြုရွတ်ဆိုကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ထူးချွန်ဆုရ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပါမောက္ခချုပ်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တက္ကသိုလ်ငွေရတုအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၅) သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀) တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်ခဲ့ရာ ပါမောက္ခချုပ်ကလက်ခံရယူခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆရာဆရာမများနှင့် ကျောင်းသားကျောင်းများက စုပေါင်းသွေးလှူဒါန်းခြင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ စာတမ်း စောင် ဖတ်ကြားခြင်း၊ ယနေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားနှင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဈေးရောင်းပွဲတော်တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)