လူတို့ အသက်တိုရခြင်း အကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူတို့ အသက်တိုရခြင်း အကြောင်း



အခါတပါး၌ မြတ်စွာဘုရားရှင်သည် အာဠဝီပြည် နွားကျောင်းလမ်းကြောင်းအနီး သဇင်မြိုင်တော၌ သီတင်းသုံးတော်မူနေစဉ် ပုဏ္ဏားသူကြွယ်တစ်ယောက်မှ မြတ်စွာဘုရားထံ ချဉ်းကပ်လျှောက်ထားသည်မှာ -

အရှင်ဂေါတမ... "ယခု အကျွန်ုပ်တို့ မျက်မှောက်လောက၌ လူတို့၏ သက်တမ်းသည် တို၍လာကြပြီး ဆင်းရဲဒုက္ခများဖြင့် ကြုံဆုံနေကြရသည်မှာ အဘယ်ကြောင့်ပါနည်း" ဟု မေးမြန်း လျှောက်ထားခြင်းပြုလေ၏။

အသင်ပုဏ္ဏား  ယနေ့လူတို့သည် ရှေးကမ္ဘာဦးခေတ်က လူတို့နှင့် မတူကြကုန် -

၁။ အဓမ္မရာဂ ရတ္တာ = မသင့်သောအရာကို အာသာငမ်းငမ်း စွဲလမ်းမှုပြင်းစွာဖြင့် တပ်မက်ခြင်း ဖြစ်လာကုန်၏။

၂။ ဝိသမ လောဘာဘိဘူတာ = လိုသည်ထက်ပို၍ အလွန်အကျွံ လောဘရမ္မက် ကြီးလာကုန်ကြသည်။

၃။ မိစ္ဆာဓမ္မ ပရေတာ = မှားသောသဘော မမှန်သောအယူအဆ ဖောက်ပြန်သောသုံးသပ်ချက်တို့ဖြင့်တစ်ကိုယ်လုံး ဖုံးလာ၏။

ထိုလူတို့သည် ဇီဝိန်ကိုခြွေ သေစေနိုင်သော ထက်လှစွာသော လက်နက်တို့ကို ကိုင်ကြကုန်ပြီးသော် အချင်းချင်း သတ်ဖြတ်နေကြကုန်၏။

ယင်းသို့ သတ်ဖြတ်နေခြင်းကြောင့် ကလေးသူငယ် လူငယ်လူကြီး မိန်းမယောက်ျားတို့ သေကြေပျက်စီး ကုန်ကြရ၏။

ဤသို့ အချင်းချင်းသတ်၍ "သတ္ထန္တရကပ်" ကြီး ဆိုက်ခြင်းသည် ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်း၏ 

အကြောင်းရင်း တစ်ရပ်ပေတည်း။

အသင် ပုဏ္ဏား...

တစ်ပါးသောအကြောင်းကို ငါဆိုပေဦးအံ့ -

"အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မ" တည်းဟူသော တရားကို အကျင့်ဆိုး၊ ညာဉ်ဆိုး၊ ဝသီဆိုးတို့ လွှမ်းမိုးလျက်ရှိသော ယနေ့ခေတ် ယနေ့အခါ၌ လူတို့ စားသောက်လုပ်ကိုင်မှု ဖြစ်မြောက်ရန်အတွက် မိုးသည် ကောင်းစွာ မရွာ၊ရွာသည့်အခါလည်း အန္တရာယ်ကို ဖြစ်စေပြန်သည်။လွန်ကဲသော အပူကိုလည်း ဖြစ်စေပြန်သည်။

ရာသီဥတုတို့ ဖောက်ပြန်ပြောင်းလွဲ လာသည့်အတွက် စိုက်ပျိုးသောသီးနှံများ ညံ့ဖျင်းခြင်း၊ ပိုးကျခြင်း စိုက်ပျိုးသမျှ ပင်တံချည်းသာ ကျန်ခြင်းစသော မလိုလားအပ်သော အရာတို့သည် ဖြစ်လာကြကုန်၏။

ယင်းသို့ မိုးခေါင်ရေရှား ငတ်မွတ်ခေါင်းပါးခြင်းကြောင့် လူတို့ သေကြေပျက်စီးကြရ၏။

ဤသို့ "ဒုဗ္ဘိက္ခန္တရကပ်" အငတ်ဘေးဆိုးကြီး ဆိုက်၍ သေကြေပျက်စီးရခြင်းသည်လည်း ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်း၏ အကြောင်းရင်းတစ်ရပ်ပေတည်း။

အသင် ပုဏ္ဏား...

တစ်ဖန် တစ်ပါးသော အကြောင်းဖြစ်ရပ်ကို ငါဆိုဦးအံ့ -

ယခုအခါ၌ လူတို့သည် ကိုယ်ကျင့်တရားပျက်စီးကြလေသည် ငဲ့ညှာထောက်ထား ကိုယ်ချင်းစာတရားများ 

ဆိတ်သုဉ်းကုန်ကြပြီ၊ ဓနအား, လက်နက်အား, အာဏာအားတို့ကို အသုံးပြုကြပြီး ကြီးနိုင် ငယ်ညှင်း 

နှိပ်စက်ခြင်းတို့ပြုကြကုန်ပြီ။

ထိုသို့ တရားလက်လွတ် ပြုမူနေကြသဖြင့် နတ်ဆိုး၊ ဘီလူးဆိုး၊ မကောင်းဆိုးယုတ် မြေဘုတ် ပြိတ္တာတို့ အခွင့်သာစွာ ချယ်လှယ်နေကြသဖြင့် မကြုံဘူးသော ရောဂါဆိုး, ရောဂါဆန်းများ ဖြစ်ထွန်း ပေါ်ပေါက်လာကြပြီး လူပေါင်းများစွာ သေကြေပျက်စီးကြရ၏။ ဤသို့ ရောဂါထူပြော ကုသရခက်စေသောကြောင့် "ရောဂန္တရကပ်" ဆိုက်သဖြင့် သေကြေပျက်စီးရခြင်းသည်လည်း ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်း၏ အကြောင်းရင်း တစ်ရပ်ပေတည်းဟူ၍ ပြန်လည် ဖြေကြားတော်မူလေသည်။ 


(တိကနိပါတ်၊ အဂုင်္တ္ထိုရ် ပါဠိတော်၊ အဓမ္မရာဂသုတ်) မှ

အရှင်ဇဝနဉာဏ 

သိဒ္ဓိအောင်ကျောင်းတိုက်၊ တောင်ကမ္ဘားကျေးရွာ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)